
အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဆက်လက်ဖိအားပေးနိုင်ဖို့အတွက် ဥရောပသမဂ္ဂ (EU) က မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လာမဲ့ ၂၀၂၇ ခုနှစ်၊ မေလအထိ အနည်းဆုံး နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဧပြီ ၂၇ ရက်က ဖော်ပြပါတယ်။
ဒီအရေးယူမှုတွေထဲမှာ လူပုဂ္ဂိုလ် ၁၀၅ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ၊ ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ လက်နက်ခဲယမ်း တင်ပို့မှု ပိတ်ပင်တာတွေ ပါဝင်နေသလို ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်ပွားပြီး နောက်မှာ စတင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို EU အနေနဲ့ အပြင်းထန်ဆုံး ရှုတ်ချတယ်ဆိုတာကို ထပ်လောင်းပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပေါ်နေတာတွေနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ထားတာတွေကိုလည်း ဖော်ပြလိုက်သလို အကြမ်းဖက်မှုတွေအားလုံး ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့လည်း EU က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာတော့ အနောက်နိုင်ငံ အစိုးရတွေက စစ်အာဏာ တည်မြဲအောင် လုပ်တဲ့ ဟန်ပြရွေးကောက်ပွဲလို့ ဝေဖန်ခဲ့ကြတဲ့ ရွေးကောက်ပွဲအပြီး စစ်အာဏာရှင် မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးချိန်ကတည်းက လူပေါင်း အနည်းဆုံး ၃ ဒသမ ၆ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အချက်အလက်တွေအရ လူပေါင်း ၈,၀၀၀ နီးပါး အသတ်ခံခဲ့ရပြီး ၃၁,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်အထိ ၂၂,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ EU အနေနဲ့ မြန်မာစစ်အုပ်စုဆီ တိုက်ရိုက်ငွေကြေး ထောက်ပံ့တာမျိုးတွေကို ဆက်လက်ရပ်ဆိုင်းထားမှာဖြစ်သလို စစ်ကောင်စီကို တရားဝင်မှုပေးသလို ဖြစ်စေမဲ့ ဘယ်လို အကူအညီမျိုးကိုမဆို ဆက်ပြီး ဆိုင်းငံ့ထားမယ်လို့ ပြောထားပါတယ်။











