
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ အနီးတဝိုက်ကို မနေ့ ညနေ ၄ နာရီလောက် စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာကနေ ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။
“သူတို့ ပစ်တာက စစ်ကြောင်းရှောင်နေကြတဲ့ ပြည်သူအများစုကို ပစ်တာ။ ဘာလို့ပစ်တာလဲ ဆိုတော့ PDF အဖွဲ့တွေ အထင်နဲ့ ပစ်တာ ဖြစ်ဖို့များမယ်လေ။ အမှန်ကတော့ မသွားနိုင်၊ မလာနိုင်တဲ့ အဘိုး အဘွားနဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို ကူညီကယ်ထုတ်ပေးတဲ့ PDF ကားတွေလည်း အနည်းအကျဉ်းပါတယ်။ အများစုကတော့ ဒေသခံက များမယ်။ ဇီးဖြူကုန်း ပျူရွာကနေ စစ်ကြောင်းထွက်လာတယ်၊ နောက်ပြီး ပုလဲမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းလည်း ရှိသေးတယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေ စခစစ်ကြောင်းနဲ့ မတွေ့ရအောင် ကြိုတင်ရှောင်နေကြတာကို ပစ်သွားတာဗျ။ ပစ်တာက ဇီးဖြူကုန်းရွာအနီးအနားက ဖွံ့ဖြိုးရေးလမ်းမပေါ်မှာ ပစ်ခံရတာ။ လူအသေအပျောက်ကတော့ မရှိခဲ့ပါဘူး။ လေယာဉ်ပေါ်ကနေ သူတို့ပစ်ခတ်တာက စစ်ဘေးရှောင်တွေ ပြေးတဲ့နေရာနဲ့ အနီးက လယ်ကွင်းတွေထဲကို ပစ်တာဆိုတော့ အထိအခိုက်တော့မရှိခဲ့ဘူး။ လက်ပုကန်ရွာနဲ့ နှောကန်ရွာကြားက လယ်ကွင်းထဲလည်း လက်နက်ကြီးတလုံး ကျတယ်။ အထိခိုက်တော့မရှိခဲ့ဘူး” လို့ ပုလဲမြိုနယ် ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
စခန်းကျဆုံးမှာစိုးရိမ်လို့ စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူရွာအနီးတဝိုက်ကို လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပုလဲပြည်သူကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
အဆိုပါဇီးဖြူကုန်းပျူရွာကို ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကနေ ၆ ရက်အထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်ခဲ့တာကြောင့် ပစ်ခတ်တာလို့ မြင်ကြောင်း ပုလဲမြို့နယ်သခင်ဒေါင်းညို အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ငှက်ပျောတောရွာ၊ ခေါ်သနီရွာ၊ သရက်ရွာ၊ နှောရိုးရွာ စတဲ့ ဇီးဖြူကုန်းပျူရွာနဲ့အနီးဆုံးက ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း ၂၂ မှ ရဲဘော် ၆ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ဇွန် ၁၃ ရက် နေ့လယ် ၁ နာရီ မိနစ် ၄၀ လောက် မန်ကျီးတုံရွာမှ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တပ်ရင်း ၂၂ မှ ရဲဘော် ၇ ဦးက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ပြန်ဆုတ်ခွာခဲ့ရာမှ မိုင်းပေါက်ကွဲပြီး ရဲဘော် ၆ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၂ တာဝန်ရှိသူက ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ရဲဘော်တွေထဲမှ ၃ ဦးက အခြေအနေစိုးရိမ်ရပြီး ခြေတောက်၊ မျက်စိနဲ့ ခန္ဓာကိုယ်အောက်ပိုင်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဆေးကုသမှုတွေကတော့ ဆေးဝါးမလုံလောက်တော့ ဖြစ်သလို လုပ်နေရတယ်၊ ငွေရေးကြေးရေးပိုင်း အရမ်းခက်ခဲနေပါတယ်” လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၂ တာဝန်ရှိသူက ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တွေကို ဆေးဝါးကုသဖို့အတွက် ပြည်တွင်း ပြည်ပ အလှူရှင်တွေ တတ်နိုင်သလောက် ပါဝင်ကူညီပေးဖို့ ရွှေဘိုခရိုင်တပ်ရင်း ၂၂ က တောင်းဆိုထားပါတယ်။











