
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Hosheng Myanmar အထည်ချုပ်စက်ရုံမှာ အနည်းဆုံးလုပ်အားခ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမား ၇ ဦးကို အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် ဇွန် ၁၃ ရက် ဒီနေ့မနက်မှာ ကျန်အလုပ်သမားတွေ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ အဲဒီစက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
Hosheng စက်ရုံအလုပ်သမားတွေဟာ တရက်လုပ်ခ ၅,၆၀၀ ကျပ် သတ်မှတ်ပေးဖို့ မေလကတည်းက တောင်းဆိုခဲ့ကြပြီး စက်ရုံဘက်က ဇွန် ၁ ရက်ကစတင်ကာ လုပ်အားခကို တောင်းဆိုချက်အတိုင်းပေးမယ်ဆိုပြီး သဘောတူလိုက်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လုပ်အားခတိုးပေးဖို့ တောင်းဆိုမှုမှာ ပါဝင်တဲ့ စက်ရုံအလုပ်သမားသမဂ္ဂဝင် မသူသူစံ၊ မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်၊ ကိုရဲနိုင်၊ ကိုရဲသွေးလှိုင်တို့ကို စက်ရုံအတွင်း တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားကို ဆူပူမှုဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး သွေးထိုးလှုံ့ဆော်တာ၊ စက်ရုံမှူးကို ခြိမ်းခြောက်ပြောဆိုတာ၊ ကုန်ထုတ်လုပ်မှုကို ကျအောင် တမင်ရည်ရွယ် လုပ်ဆောင်တာကြောင့်ဆိုပြီး ဇွန် ၁၀ ရက်က အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အလုပ်သမား ၇ ဦးကို အလုပ်ထုတ်လိုက်တာကို အလုပ်သမားတွေက မကျေနပ်တာကြောင့် ဒီနေ့မှာ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြတာလို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
“နောက်ဆို အလုပ်သမားတွေ ကိုယ့်အခွင့်အရေး ကိုယ်မတောင်းရဲအောင် လုပ်ပြလိုက်တဲ့သဘော တွေ့ရတယ်။ အလုပ်သမားတွေက ဒီလုပ်ရပ်ကို တော်တော်ဒေါသထွက်နေတယ်။”
အခုလို အလုပ်သမားတွေက လုပ်ငန်းခွင်ထဲမဝင်ဘဲ နားနေဆောင်၊ ထမင်းစားဆောင်မှာ စုဝေးနေကြစဥ် စစ်ကောင်စီစစ်သားတွေ ရောက်လာပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေက ဆိုပါတယ်။
အဲဒီနောက် ဌာနဆိုင်ရာကလူတချို့ ထပ်ရောက်လာပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကိစ္စ ဖြေရှင်းပေးမယ်ဆိုပြီး ကတိပြု ပြောသွားတယ်လို့လည်း ဆိုပါတယ်။
“ပထမတော့ အလုပ်သမားတွေနဲ့ စစ်တပ်ရော၊ တိုက်ပုံဝတ်ထားတဲ့ လူကြီးတွေနဲ့ရော အချေအတင်တွေ ဖြစ်ကြတယ်။ နောက်တော့ သူတို့ဘက်က လေသံပျော့သွားပြီး ဖြေရှင်းပေးပါမယ်ဆိုပြီး လျှော့သွားတာ” လို့ အလုပ်သမား ခေါင်းဆောင်တဦးက ပြောပါတယ်။
အဲဒီအလုပ်သမား ၇ ဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ဇွန် ၁၄ ရက်မှာ ညှိနှိုင်းသွားမှာဖြစ်ပြီး အလုပ်သမားတွေကတော့ မျှတတဲ့ အဆုံးအဖြတ်ရရှိဖို့ မျှော်လင့်နေတယ်လို့ သူကပြောပါတယ်။