DVB Logo
Home
မြန်မာသတင်း
မန္တလေးပဋိပက္ခနှင့်ပတ်သက်ပြီး သမ္မတမိန့်ခွန်းကို ဝေဖန်
DVB
·
July 8, 2014
မန္တလေးပဋိပက္ခနှင့်ပတ်သက်ပြီး သမ္မတမိန့်ခွန်းကို ဝေဖန်
Donate to DVB

နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာရင်  မီဒီယာတွေကို  ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ သမ္မတမိန့်ခွန်းအပေါ်မှာ မီဒီယာနဲ့ နိုင်ငံရေးအသိုင်းအ၀န်းက  ဝေဖန်ပြောဆိုလိုက်ကြပါတယ်။

[caption id="attachment_39191" align="alignright" width="300"]ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]

မန္တလေးပဋိပက္ခနဲ့ ပတ်သက်ပြီး ဇူလိုင် ၇ ရက်နေ့ညက နိုင်ငံတ ၀န်းလုံး ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က မီဒီယာလွတ်လပ်မှုကို တိုင်းပြည် အကျိုးဖြစ်စေ မယ့် ရေး သားပြောဆိုမှု အစား နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေးလာရင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေး ပြောကြားသွားခဲ့တာပါ။

သမ္မတမိန့်ခွန်းအပေါ် အလဲဗင်း နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက “မီဒီယာတွေကို အဲလိုလုပ်မယ်ဆိုရင် ဘယ်မီဒီယာတွေကို လုပ်မှာလဲ။ တကယ်ကို ဖောက်ဖျက်နေတဲ့၊ တကယ်ကို လှုံ့ဆော်နေတဲ့ဟာတွေကိုရော ဖော်ထုတ်ဖို့ မရှိဘူးလားလို့ ကျနော်မေးချင်တယ်။ ဘယ်လောက် ထိထိရောက်ရောက် လုပ်မှာလဲ။ အခု ဖေ့စ်ဘွတ်ခ်တွေမှာ အလွယ်တကူနဲ့ ဒီလိုမျိုးလုပ်နေတာတွေက အထူးတလည် စုံစမ်းစစ်ဆေးတာတွေ မလုပ်ခင်တောင် ဒီအတိုင်းကြည့်ရင် ဘယ်ဟာတွေက ဘယ်အကောင့်တွေက လုပ်နိုင်တယ်ဆိုတာ သိနိုင်တယ်။ အိမ်တိုင်းအိမ်တိုင်းမှာလည်း ဒီလိုမျိုးလှုံ့ဆော်နေတာတွေ ရှိနေတာပဲ။ အဲဒါတွေကို အစိုးရက ထိထိရောက်ရောက် လုပ်နိုင်တယ်” လို့ ပြောပါတယ်။

ပြည်သူတွေက စကားလုံးတွေထက် ရလဒ်ကို ပိုကြည့်လာကြပြီဖြစ်တဲ့အတွက် သမ္မတအနေနဲ့ လုပ်ပြသင့်ပြီလို့လည်း  အလဲဗင်း သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နာယက  သတင်းစာဆရာကြီး  ဖိုးသောကြာက “အခုပဲ ကျနော် အန်အယ်လ်ဒီက ထုတ်တဲ့ ကြေညာချက်ဖတ်တယ်။ မန္တလေး ပဋိက္ခမှာ ရဲတွေ တသီတတန်းကြီး ချထားတယ်၊ ဘာမှမလုပ်ဘူးလို့ ထည့်ရေးထားတယ်။ အဲတော့ အရေးယူတဲ့အပိုင်းက အရမ်းအားနည်းတယ်။ သူတို့လုပ်ချင်တဲ့သူကိုသာ လုပ်လိုက်တာပဲ။ မလုပ်ချင်တဲ့သူတွေကိုတော့ ဒီအတိုင်းလွှတ်ထားတာပဲ။ ဒါအရှင်းကြီးပဲ။ ကျနော်တို့ မီဒီယာမှာလည်း ဒီနေ့ပဲ မွန်းတည့်နေပါသွားပြီ။ အရေးမယူချင်တော့လည်း အရေးကို မယူဘူးဗျာ။ ဒါက တရားဥပဒေအရ မညီမျှဘူးလို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။

သမ္မတရဲ့ ပြောကြားချက်ဟာ တရားမ၀င် မီဒီယာတွေကို ဆိုလိုတယ်လို့ မီဒီယာသမား တချို့က မြင်ကြပေမယ့် ရန်ကုန်မီဒီယာဂရုပ်ရဲ့ အမှုဆောင်အရာရှိ ဦးကိုကိုကတော့ ဒါဟာ မီဒီယာအားလုံးကို ဆိုလိုတာပါလို့ ပြောပါတယ်။ မီဒီယာတွေအနေနဲ့လည်း သတင်းရေးတဲ့အခါမှာ ကျင့်ဝတ်နဲ့ အညီရေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတရဲ့ မိန့်ခွန်းမှာတော့  မန္တလေးပဋိပက္ခဟာ  လူတစု၊ အဖွဲ့အစည်းတခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီး လုပ်ဆောင်တာဖြစ်တယ်၊ ခုလို သွေးထိုးလှုံ့ဆော်မှုတွေ၊ ဥပဒေမဲ့ လုပ်ဆောင်မှုတွေနဲ့ ရန်ပြုမှုတွေကို အားပေးထောက်ခံတာ၊ ဥပဒေမဲ့တုံ့ပြန်တာ မလုပ်ဘဲ တရားဥပဒေအတိုင်းဖြစ်စေဖို့ နိုင်ငံသားအားလုံးက အစိုးရနဲ့ အတူပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားပါတယ်။

သမ္မတရဲ့ မိန့်ခွန်းနဲ့ မန္တလေးပဋိပက္ခအပေါ် ကိုင်တွယ်ပုံတွေအပေါ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေအတွင်းရေးမှူးချုပ်  ဒေါ်သန်းသန်းနုက ခုလိုပြောပါတယ်။

“မြှောက်ပေးတဲ့သူတွေ၊ မမှန်သတင်းဖြန့်တဲ့သူတွေရှိတယ်ဆိုတာ သိတယ်။ အဲဒီကတည်းက ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ကျမတို့လည်း အဲဒါကြောင့် အားမလိုအားမရ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်လာရင် ထိထိရောက်ရောက် ဘာလုပ်မယ်၊ ဘယ်လိုစည်းမျဉ်းတွေနဲ့ အရေးယူမယ်ပေါ့။ မနေ့ကလည်း မိန့်ခွန်းကြားလိုက်ပါတယ်။ အဲဒါတွေက ထိထိရောက်ရောက် အစကတည်းက အရေးယူသင့်ပါတယ်။ တကယ် ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် ဒါတွေက တချိန်ချိန်မှာတော့ ရပ်သွားမှာပဲ။”

လူမျိုးရေး ခွဲခြားမှု ပြင်းထန်တဲ့ အိန္ဒိယနိုင်ငံမှာ အနေကြာခဲ့တဲ့ ဒေါ်သန်းသန်းနုက သူ့ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလို ဆက်ပြောပါတယ်။

“အိန္ဒိယနိုင်ငံမှာ ၈၄ တုန်းက ဆစ်(ခ်) နဲ့ ဟီန္ဒူတွေ သတ်ကြဖြတ်ကြတုန်းကလည်း အတော်ကြီးကျယ်တယ်။ ကျမတို့ မျက်စိရှေ့တင်ပဲ ဖြစ်သွားတာ။ ဒါပေမယ့် ချက်ချင်းပြန်ပြီး သင့်မြတ်သွားတယ်လို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလောက် အခြေအနေ ဆိုးဝါးတဲ့အဆင့်ထိတော့ ဖြစ်မလာဘူး။ အရပ်ထဲမှာပဲ လူကြီးပိုင်းတွေ၊ ဒီမှာလည်း ရှိပါတယ်။ ဘာသာအသင်းအဖွဲ့တွေရှိတယ်။ အဲဒီအသင်းအဖွဲ့တွေက လိုက်ပြီး တရားဟောတာတို့ရှိတယ်။ ဒါကလည်း တော်တော်အံ့သြစရာကောင်းတယ်။ ကျမတို့နိုင်ငံမှာ အဲလောက် လူဦးရေ များတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ အမုန်းတရားတွေ ပွားနေလဲဆိုတာ ကျမလည်း စဉ်းစားစရာ တခုဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေကို လုံးဝသည်းခံမှာ မဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးပြောကြားထားပါတယ်။

နိုင်ငံတော်သမ္မတအနေနဲ့ အရင်ကလည်း  မိန့်ခွန်းတွေမှာ အလားတူ  ပြောဆိုခဲ့ဖူးပေမယ့်  ထိထိရောက်ရောက် ကိုင်တွယ် အရေးယူဆောင်ရွက်တာတွေတော့ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013