
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာကျေးရွာတောင်ပိုင်းမှာ အသက် ၆၀ အရွယ် အမျိုးသားတဦး ဇွန် ၁၂ ရက် ညနေပိုင်းက ပျားပဒူကောင်အုပ် အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါအမျိုးသားဟာ လယ်ကအပြန် အိမ်အရောက်မှာ အိမ်ခြံဝင်းထဲက ပတ်တူကို ဆွဲဖွင့်ချိန် အထဲမှာ မိုးခိုအသိုက်ဖွဲ့နေတဲ့ ပျားပဒူအုပ် ဝိုင်းအကိုက်ခံရပြီး အဆိပ်တက်ကာ နာရီပိုင်းအတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အခုလိုမျိုး မြေတွင်းထဲမှာနေလေ့ရှိတဲ့ မြေပဒူကောင်တွေ လူကိုကိုက်မိလို့ သေဆုံးတာ ဒီဘက်နယ်မှာ တခါမှမကြားဘူး မမြင်ဘူးပေမဲ့ လူကြီးတွေပြောတာပဲ ကြားဖူးတာ။ အခု ပဒူကောင်ကိုက်ခံရပြီး လူပါအသက်ဆုံးရှုံးခဲ့ရတာ မယုံနိုင်လောက်အောင် အချိန်ပိုင်းလေးမှာ ဖြစ်သွားခဲ့တယ်” လို့ ပြောပါတယ်။
အဆိပ်ပြင်းတဲ့ ပျားပဒူကောင်တွေဟာ လူကိုသေစေတဲ့ အဆိပ်ရှိတာကြောင့် မိမိပတ်ဝန်းကျင်မှာ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဖယ်ရှားကြဖို့၊ အဆိုပါ ပျားပဒူကိုက်ခံရမှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။











