
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ ဆေးပေးခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၁၁ ရက် မနက် ၃ နာရီမှာ အနီးကပ် ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့တယ်လို့ Urban Underground Revolution Force အဖွဲ့ကနေ သိရပါတယ်။
ပန်းတိုင်းခြုံကျေးရွာ ဆေးပေးခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ဂိတ်မှာ စစ်ဆေးနေတဲ့ စစ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ဆိုပါတယ်။
“ဆေးပေးခန်းဆိုပေမဲ့ သူတို့ စခန်းချပြီးနေတာ၊ တပ်စွဲပြီး ဂိတ်ကြေးကောက်တဲ့နေရာပေါ့။ ဆေးဝန်ထမ်းတွေတော့ မရှိဘူး။ ဆေးပေးခန်းထဲမှာ စစ်သားတွေ အိပ်နေချိန် အနီးကပ်ပစ်တာ၊ အုတ်တံတိုင်းရှေ့နားထိ ရောက်ပါတယ်။ သုံးဘက်ဝိုင်းပစ်တာ။ RPG တွေနဲ့ပစ်တာ။”
စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးတဲ့ စစ်သား ၇ ဦးကို ဖောကားနဲ့ တင်သွားတာကို ပြည်သူတချို့ မြင်ခဲ့ရပြီး ဆေးပေးခန်းက စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ပန်းတိုင်းခြုံကျေးရွာက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူတွေကို ရိုက်နှက်ခဲ့ပြီး နေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Urban Underground Revolution Force-YSO နဲ့ မြင်းခြံခရိုင် အမှတ်-၁ တပ်ရင်း 27 Revolution Force၊ Myingyan District Drone Strike (MDDS)၊ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ YSO၊ နဂါးနီအထူးကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Pakokku Special Guerrilla Force (ပကဖ-PSGF)၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၊ ညီနောင်သုံးဖော် (YSO) အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။











