Home
မြန်မာသတင်း
တာမွေမြို့နယ် လျှပ်စစ်ရုံး ဗုံး၂ ကြိမ် ပစ်ခတ်ခံရ
DVB
·
June 13, 2023

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ ဖိုးစိန်လမ်းမှာရှိတဲ့ တာမွေမြို့နယ် လျှပ်စစ်ရုံးကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေက ပူးပေါင်းပြီး ဇွန် ၁၂ ရက် ညသန်းခေါင်  အချိန်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တာမွေမြို့နယ်နေသူ တချို့ပြောကြားချက်အရ ပေါက်ကွဲမှု ပြင်းထန်ပြီး ဗုံး ၂ လုံး နာရီဝက်ခြား ပေါက်ကွဲတာကြောင့် ပေါက်ကွဲတဲ့နားက နေအိမ်တွေ တုန်ခါသွားတယ်လို့ ပြောပါတယ်။  

မနေ့ ည ၁၂ နာရီ ၁၂ မိနစ်မှာ တကြိမ်၊ ၁၂ နာရီ ၃၇မိနစ်မှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် ဗုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။

မီတာခတွေကို ခြိမ်းခြောက်တောင်းခံနေတာကြောင့် ရန်ကုန်မှာ အဖမ်းအဆီးတွေ များနေတဲ့ကြားက အခုလို တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ Freeland Attack Force (FLA) က တာဝန်ခံက ပြောပါတယ်။

“စစ်တပ်လက်အောက်ခံ‌ ထောက်တိုင်လည်း ဖြစ်တယ်။ ပြည်သူတွေကိုလည်း မီတာခတွေနဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်တောင်းခံလာတာတွေ၊ မီတာရုံး၀န်ထမ်းတွေက ခြိမ်းခြောက် ပြောဆိုတာတွေ ပိုလုပ်လာလို့ လုပ်ခဲ့တာပါ။ အဖမ်းဆီးအစစ်ဆေးကြားထဲက မစ်ရှင်တွေ ပြန်စရတာ။ ကျနော်တို့ ကြောက်မနေဘူး။ မရရတဲ့ကြားက ရုန်းထမှာပဲ။” 

တိုက်ခိုက်မှုကို  Freeland Attack Force (FLA) နဲ့ Anonymous Fighters Force ( AFF ) တို့ ဦးဆောင်ပြီး ပူးပေါင်းမဟာမိတ်အဖွဲ့ Emerald Girls Army (EGA )အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဝင်တွေအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ ပြည်သူတွေ အနေနဲ့ သပိတ်အဖွဲ့အစည်းတွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ အဆင်ပြေပြေသွားလာလှုပ်ရှားနိုင်ဖို့ မလိုအပ်ရင် မိမိတို့အိမ်က CCTV တွေကို လမ်းပေါ်ကိုလှည့် မထားဖို့နဲ့ ပူးပေါင်းပါ၀င်ပေးကြဖို့ မြို့ပြပြောက်ကျား အဖွဲ့တွေကတော့ မေတ္တာရပ်ခံထားပါတယ်။

ဇွန် ၅ ရက်တုန်းကလည်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာရှိတဲ့ အခွန်ဦးစီးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး တဦးအပါ  ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024