DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမားတန်းလျားနှင့် အန်ဂျီအိုရုံးတချို့ စစ်ဆေးခံရ
DVB
·
July 8, 2014
ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမားတန်းလျားနှင့် အန်ဂျီအိုရုံးတချို့ စစ်ဆေးခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားတန်းလျားနဲ့ အန်ဂျီအို ရုံးခန်းတချို့ကို ထိုင်းစစ်တပ်နဲ့ ရဲလုံခြုံရေးတွေက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။

myanmar workerစစ်တပ်၊ ရဲနဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ ပါတဲ့အင်အား ၁၀၀ လောက်ဟာ ဇူလိုင် ၈ ရက် ဒီနေ့ မနက် ၆ နာရီလောက်က  ချင်းမိုင်မြို့ ဆုထိပ်ရပ်ကွက်  ဟွေ့ဆိုင်းအိမ်ရာမှာ ရှိတဲ့ အလုပ်သ မားတန်းလျားကို လာစစ်သွားတယ်လို့ အဲဒီမှာနေထိုင်သူ ရှမ်းရွှေ့ပြောင်းအလုပ်သမား ထောင်းန်ခမ်းက ပြောပါတယ်။

“အဆောင်ငှားနေတဲ့ အလုပ်သမားအခန်းတွေထဲမှာ လာပြီး မွှေတာပေါ့။ ဒါပေမယ့် သူတို့ ဘာမှတော့ မလုပ်ဘူး၊ လက်မှတ်မေးတယ်။ အလုပ်သမားတွေများတယ်။ အဲဒီအခန်းတွေမှာ ဗီဇာလေးနှစ်ကုန်တဲ့သူတွေ ရှိတယ်၊ တချို့ကတော့ တောင်ပေါ်သားကတ်ရှိပြီး နယ်ထွက်ခွင့် ထောက်ခံစာ မလုပ်ထားတဲ့သူတွေလည်း ရှိတယ်။ ကျမ မနက်စောစော ဟင်းထွက်ဝယ်တော့ လမ်းမှာတွေ့တယ်၊ အဲဒါနဲ့ ဖုန်းဆက်ပြောတော့ လက်မှတ်မရှိတဲ့သူတွေကို ခဏရှောင်ခိုင်းထားတယ် ပြောတယ်။ ဒါကြောင့် အဲဒီအလုပ်သမား တန်းလျားမှာ လူတယောက်မှ ပါမသွားဘူး။”

အဲဒီ တန်းလျားမှာ မြန်မာနိုင်ငံသားအလုပ်သမား ၄၀ လောက် နေထိုင်ပြီး   လက်မှတ် မလုပ်ရသေးတဲ့ အလုပ်သမား ၂ ဦးပဲ အဖမ်းခံရပြီး သူတို့ကိုလည်း အလုပ်ရှင်က လာရောက် အာမခံပေးသွားတဲ့အတွက် ၀င်းတံခါးမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ခုလို ရှောင်တခင် ၀င်ရောက် စစ်ဆေးတာနဲ့ ပတ်သက်ပြီး တာဝန်ရှိတပ်ဖွဲ့ဝင်တွေက အလုပ်သမားတွေကို တရားဝင်အထောက်အထား လုပ်ထားဖို့၊ မှတ်ပုံတင် သက်တမ်းတိုးဖို့ လာရောက် ဖိအားပေးတဲ့အနေနဲ့ ၀င်စစ်တာလို့ ပြောဆိုပြီး သူတို့အနောက်ဘက်က တန်းလျားမှာတော့ အမျိုးသားတွေကို လက်မှတ်အပြင် ဆီးပါ စစ်ဆေးတဲ့အတွက် မူးယစ်ဆေးသုံးစွဲသူတွေပါ စစ်ဆေးဟန်ရှိတယ်လို့  ထောင်းန်ခမ်းက ပြောပါတယ်။

ဒီမတိုင်ခင် ဇူလိုင် ၅ ရက်နေ့ကလည်း ချင်းမိုင်မြို့ ခမ်းထိန့်ဈေးအနီးက အန်ဂျီအိုတွေ ဖွင့်လှစ်ထားတဲ့ စိဒ် SEED အင်္ဂလိပ်စာသင်တန်းတခုကိုလည်း အရပ်ဝတ်ရဲတွေက ၀င်ရောက် စစ်ဆေးခဲ့တယ်လို့ သင်တန်းသားတဦးက ပြောပါတယ်။

သူတို့ ၀င်စစ်ချိန်မှာ သင်တန်းချိန် မဟုတ်သေးတဲ့အတွက် လူများများစားစားမရှိဘဲ စာရင်းကိုင်နဲ့ သင်တန်းဆရာတို့ ၂ ဦးသာ ရှိကြောင်း၊ သူတို့ ၂ ဦးမှာ ယာယီနိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကတ် အပြည့်အစုံ ရှိပေမယ့် လက်ရှိ လုပ်ကိုင်နေတဲ့အလုပ်ဟာ ထိုင်းလူမျိုးတွေသာ လုပ်ခွင့်ရှိပြီး ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ခွင့် မရှိကြောင်း သတိပေးကာ လက်မှတ်တွေ သိမ်းယူသွားတယ်လို့  ဆိုပါတယ်။

ရဲတွေက နောက်ထပ် လာစစ်ဦးမယ်လို့ ပြောသွားတာက တကြောင်း၊ သင်တန်းသား တွေဟာလည်း ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်နေတာမို့ လောလောဆယ် သင်တန်းကျောင်း ပိတ်ထားတယ်လို့ သင်တန်းသားက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်တင်ပေးရေးစခန်းတွေကို ဘန်ကောက်အနီး မဟာချိုင်အပါအ၀င် ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းခရိုင် ၈ ခုမှာ တနေရာတည်း အပြီးစနစ်နဲ့  ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကျန်ဒေသတွေမှာတော့ သက်ဆိုင်ရာ အလုပ်ရှင်တွေအနေနဲ့ မိမိ တာဝန်ယူထားတဲ့  အလုပ်သမားစာရင်း လက်မှတ်ရှိသူတွေနဲ့ မရှိသူတွေပါ အားလုံးရဲ့ အမည်စာရင်းကို  ဇူလိုင်  ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အလုပ်သမားရှာဖွေရေးရုံးမှာ ပေးပို့ထားဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013