DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုရပ်တန့်ရန် မြန်မာစစ်အာဏာရှင်ကို မလေးရှားနှင့် အင်ဒိုနီးရှား တောင်းဆို
DVB
·
June 12, 2023
အကြမ်းဖက်မှုရပ်တန့်ရန် မြန်မာစစ်အာဏာရှင်ကို မလေးရှားနှင့် အင်ဒိုနီးရှား တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် ရည်ရွယ်ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မလေးရှားနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တွေက မြန်မာစစ်အာဏာရှင်ကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက မလေးရှားနိုင်ငံကို ဇွန်လ ၇ ရက်ကနေ ၈ ရက်အထိ သွားရောက်ခဲ့တဲ့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ခေါင်းဆောင် ၂ ဦးစလုံးက အခုလို တိုက်တွန်းခဲ့တာလို့  မလေးရှားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

လတ်တလော မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုပုံစံအားလုံးနဲ့ အင်အားအသုံးပြုမှုတွေကို ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တနိုင်ငံလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်အောင် အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့လည်း ခေါင်းဆောင်နှစ်ယောက်က တိုက်တွန်းပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လိုအပ်နေသူတွေအားလုံးကို လူသားချင်းစာနာမှု အကူအညီတွေကို ခွဲခြားမှုမရှိဘဲ ပို့ပေးဖို့လည်း တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အာဆီယံဘုံသဘောတူညီချက် အကောင်အထည် ဖော်ရာမှာ တိုးတက်မှုရှိစေဖို့နဲ့အတူ ငြိမ်းချမ်းပြီး ရေရှည်ခိုင်မာတဲ့ အဖြေတခုရှာဖို့ ရည်မှန်းချက်အတွက် အာဆီယံနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အပါအဝင် ပြင်ပက မိတ်ဘက်အနေနဲ့ပါ နီးကပ်စွာ လုပ်ဆောင်သွားဖို့ ထပ်လောင်းကတိပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ဧပြီလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့  အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့တာပါ။

ဒီအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပါဝင်တက်ရောက် သဘောတူခဲ့တာဖြစ်ပေမဲ့ အချိန် ၂ နှစ်ကျော် ကြာလာတဲ့အထိ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် တချက်မှ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013