DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်ကို စစ်တပ်ကစစ်ကြောင်းထိုးပြီး စစ်ရှောင်လူငယ် ၁ ဦးအား ပစ်သတ်၊  နေအိမ်များကို မီးရှို့
DVB
·
June 12, 2023
သရက်ချောင်းမြို့နယ်ကို စစ်တပ်ကစစ်ကြောင်းထိုးပြီး စစ်ရှောင်လူငယ် ၁ ဦးအား ပစ်သတ်၊  နေအိမ်များကို မီးရှို့
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်မှာ ရငဲကျေးရွာသား ၁ ဦးကို ပစ်သတ်ခဲ့ပြီး ရငဲရွာ နဲ့ ကနက်သီရိရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁ဝ ရက်ကလည်း ကနက်သီရိရွာက နေအိမ် ၃ လုံးကို မီးရှို့ခဲ့ပြီးနောက် ဇွန် ၁၁ ရက် နေ့လယ်ပိုင်း နဲ့ ညနေပိုင်းတွေမှာ ကနက်သီရိရွာက နေအိမ် ၂ လုံး နဲ့ ရငဲကျေးရွာက နေအိမ် ၃ လုံး ကို စစ်ကောင်စီတပ်က ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရငဲရွာမှာ နေအိမ် ၃ လုံး မီးရှို့ခံရတဲ့အပြင် ဇွန် ၁၁ ရက် ညနေက ကျေးရွာအတွင်း အမေဖြစ်သူအတွက် ဆေးဝါးပြန်လာယူပေးတဲ့ စစ်ရှောင်နေရတဲ့ အသက် ၂၃ အရွယ် ကိုဝေယံဟိန်းကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ရငဲရွာသား ကိုဝေယံဟိန်း ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး သူ့ရဲ့နေအိမ်အနီး စွန့်ပစ်ခဲ့တာကြောင့် ရွာသားတွေကပဲ နေ့ချင်းပြီး သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ 

ဇွန် ၈ ရက် စစ်ကြောင်း စဝင်လာကတည်းက ရွာစဉ်တလျှောက် ဖမ်းဆီးခံထားရသူ ရွာသား ၄၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကနက်သီရိရွာ  ဘုရားကိုးဆူးဘုန်းကြီးကျောင်းကနေ ပြန်လွတ်လာပြီလို့ ရွာသားတွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကနက်သီရိရွာ နဲ့ ကျွဲမင်းကုန်ရွာ ရွာစဉ်တလျှောက် အနီးပတ်ဝန်းကျင်မှာ ဆက်ရှိနေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာနဲ့ ပင်လယ်ဘက်ကနေလည်း ဇွန် ၁၁ ရက် ညနေအထိ စစ်ကောင်စီရေတပ်က စစ်သင်္ဘော ၂ စီးနဲ့ ရေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

ကနက်သီရိရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ရွာသားတွေကတော့ ဘေးလွတ်ရာ ဥယျာဉ်ခြံ တောတောင်တွေ နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

"ကျနော်တို့က ရွ‌ေအပြင်အထိ ထွက်ပြေးလာရင် ကားနဲ့သွားခေါ်ပြီး သွားချင်တဲ့နေရာအထိ ပို့ပေးနေတယ်။ ရွာထဲအထိတော့ ဝင်ခေါ်ပေးလို့အဆင်မပြေဘူး။ အဲဒါကြောင့် ရွာထဲပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ ဆက်ရှိနေသေးတယ်။ တောတောင်တွေမှာ ရှောင်နေရသူတွေက အမိုးအကာ နဲ့ ရိက္ခာတွေ အဓိကလိုအပ်နေတာပါ။ ရိက္ခာ မပြတ်လပ်အောင်တော့ အတတ်နိုင်ဆုံး စီစဉ်နေပါတယ်" လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ဇွန် ဒုတိယအပတ် စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန်  တနင်္သာရီတိုင်းအတွင်း မိုးဆက်တိုက်ရွာနေတာကြောင့်  အိမ်ထောင်စု သုံးထောင်ကျော်ဟာ မိုးထဲရေထဲ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်း ထိတွေ့တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ နှစ်ဘက်စလုံးက စစ်ရေးသတင်းမထုတ်ပြန်သေးတာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်းကို နှစ်ကြိမ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013