
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇွန် ၉ ရက် ညနေ ၅ နာရီခွဲက ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ပြီးချိန်ကစတင်ကာ ညောင်ပင်ကြီး၊ ရွာရှည်၊ ထန်းတော စတဲ့ ရွာချင်းဆက် ရွာသုံးရွာကို ဒီနေ့အထိ စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညောင်ပင်ကြီးရဲစခန်းက ကျနော်တို့ရွာရှည်ရွာနဲ့ ညောင်ပင်ကြီးရွာကြားမှာရှိတာဗျ။ ရွာကို မီးရှို့နေတာ ဒီနေ့အထိဆိုရင် ၃ ရက်အထိ ရှိနေပြီဗျ။ အရင်နေ့တွေက ရွာအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက ပြည်သူတွေရဲ့နေအိမ်တွေကို ရွေးကောက်လှည့်ရှို့နေတာ။ ဒီနေ့ဇွန်လ ၁၁ ရက်နေ့ မနက်ခင်းကတော့ ထန်းတောရွာတောင်ပိုင်းကို ထပ်ရှို့နေတယ်။ တရွာလုံးကုန်မဲ့ သဘောရှိတယ်။ ရွာသားတွေကတော့ အခုထိ ရွာထဲမဝင်ရဲသေးဘူး” လို့ ထန်းတောရွာ ရွာသားတဦးက ပြောပါတယ်။
အင်အား ၂၀၀ နီးပါးရှိ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်အထိ ညောင်ပင်ကြီး၊ ထန်းတော၊ ရွာရှည် စတဲ့ ကျေးရွာတွေထဲကနေ မထွက်သေးဘဲ မီးရှို့နေတာကြောင့် မီးလောင်အပျက်စီး အသေးစိတ်စာရင်းကို အတိအကျပြောလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့မနက် စစ်တပ်အလစ် ရွာအနီးချဉ်းကပ်ကြည့်တော့ မေ ၃၁ ရက်နေ့က စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ကိုဗန်ဂျီခေါ် ကိုမြတ်သူလင်းကို ညောင်ပင်ကြီးရွာ သစ်ကွင်းအနီးမှာ နောက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ထားခဲ့တဲ့အလောင်းတွေ့ခဲ့ရတယ်။ အဲလိုတွေ့ခဲ့လို့ မိသားစုဝင်ထဲက တဦးက အလောင်းသွားကောက်တာတွေလုပ်တယ်။ အဲလိုအလောင်းကောက်တာလုပ်တော့ စစ်ကောင်စီရဲ့ နင်းမိုင်းမိပြီး ခြေတောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့တယ်ဗျ။ ကိုဗန့်ဂျီအလောင်းအနီးမှာ စစ်ကောင်စီက နင်းမိုင်းတွေလည်း ထောင်ထားတာအများကြီးဗျ။ အဲလိုထောင်ထားတဲ့ကြားထဲကနေ အလောင်းကိုရအောင် ကောက်နိုင်ခဲ့တယ်” လို့ ဆာလင်းကြီးပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီက ကိုဗန်ဂျီခေါ် ကိုမြတ်သူလင်းကို ပြီးခဲ့တဲ့ မေ ၃၁ ရက်က ညောင်ပင်ကြီးဈေးနဲ့ ညောင်ပင်ကြီး EPC ရုံးအနီးမှာ ဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက် ဒီနေ့ဇွန် ၁၁ ရက်နေ့မှာ ကိုဗန်ဂျီကို လက်နောက်ပြန် လက်ထိတ်ခတ်၊ နောက်ပြန်ကြိုးတုပ်ကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။
မိသားစုဝင်တဦးက "ကိုဗန့်ဂျီကို ခန္ဓကိုယ်တခုလုံး ရိုက်နှက်ထားတာ ကြည့်ရက်စရာကိုမရှိတာ။ နောက်ပြီး လက်ကိုနောက်ပြန်လက်ထိတ်ခတ်ထားရုံမကဘူး ကြိုးပါတုပ်ထားပြီး ရင်ဘက်ကို တချက်၊ ဗိုက်ကိုတချက် ဓားနဲ့ထိုးသတ်ထားခဲ့တာ။ လုံးဝမကျေနပ်ဘူး" လို့ ပြောပါတယ်။
ကိုဗန်ဂျီအလောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မိသားစုဝင်တွေဟာ ဒီနေ့ ဇွန် ၁၁ ရက်နေ့ မနက် ၆ နာရီက သွာရောက်ကောက်ယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။











