အီရန်အပေါ် နျူကလီးယားလက်နက်သုံးပြီး တိုက်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ထရမ့်ပ်က ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်က “နျူကလီးယားလက်နက်ကို ကျနော် ဘာကြောင့်သုံးရမှာလဲ။ သမားရိုးကျနည်းနဲ့ သူတို့ကို ကျနော် ချေမှုန်းထားပါတယ်” လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။
နျူကလီးယားလက်နက်ကို သုံးမှာမဟုတ်သလို နျူကလီးယားလက်နက်ကို တခြားတယောက် သုံးတာမျိုးကိုလည်း ခွင့်မပြုပါဘူးလို့ ထရမ့်ပ်က ထပ်မံပြောဆိုခဲ့ပါသေးတယ်။
အီရန်စစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ ဆိုတဲ့ မေးခွန်းကိုလည်း ထရမ့်ပ်က သူအလျင်မလိုပါဘူးလို့ ဖြေကြားခဲ့ပါတယ်။
အီရန်နိုင်ငံဟာ ၂ ပတ် အပစ်အခတ်ရပ်စဲတဲ့ကာလမှာ လက်နက်အင်အား ဖြည့်တင်းမှာ ဖြစ်ပေမဲ့ အမေရိကန်က အဲဒါကို တရက်တည်း ချေမှုန်းနိုင်တယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ထရမ့်ပ်က “သူတို့မှာ ရေတပ်လည်း မရှိတော့ဘူး၊ လေတပ်လည်း မရှိတော့ဘူး၊ လေယာဉ်ပစ် အဖွဲ့တွေလည်း မရှိတော့ဘူး။ ၂ ပတ် အပစ်ရပ်ကာလမှာ သူတို့ အင်အားထပ်ဖြည့်မှာပါ။ ဒါပေမဲ့ သူတို့လုပ်မယ်ဆိုရင် အဲဒါကို ကျနော်တို့က တရက်တည်း ချေမှုန်းနိုင်ပါတယ်။ အီရန်နဲ့ အကောင်းဆုံး သဘောတူညီမှု ပြုလုပ်ဖို့ ကျနော် ဆန္ဒရှိပါတယ်။ အခုလုပ်လို့ရပါတယ်။ ဒါပေမဲ့ အလျင်စလို မလုပ်ချင်ပါဘူး။ အမြဲတည်တံ့မဲ့ သဘောတူညီမှုမျိုးပဲ ကျနော်လိုချင်ပါတယ်” လို့ ပြောပါတယ်။
Source: Reuters










