
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာရှိတဲ့ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင် တွေအနေနဲ့ မိုးရာသီမှာ နေထိုင်ရေးအခက်ခဲဖြစ်နေတယ်လို့ စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။
စခန်းတည်ဆောက်ထားတဲ့နေရာဟာ မိုးတွင်းကာလမှာရေအိုင်ကြီးဖြစ်နေတဲ့အတွက် ခြင်နဲ့ ပိုးမွှား တွေ ပေါတာအပြင် သွားလာရမလွယ်ကူတာစတဲ့ အခက်ခဲတွေ ဖြစ်နေကြတယ်လို့ စခန်းတာဝန်ရှိသူ တဦးက ပြောပါတယ်။
အရင်နှစ်တွေကတော့ စခန်းတွင်းသွားလာရေးအတွက် NGO တွေက ကူညီ တည်ဆောက် ပေးတာရှိခဲ့ပေမယ့် ဒီနှစ် မိုးရာသီမှာတော့ အဲ့လိုလုပ်ဆောင်ပေးတာ မရှိတာကြောင့် ရေအိုင်နဲ့ ရွံ့ဗွက်တွေထဲ သွားလာနေကြရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်နေကြတယ်လို့ စခန်းတွင်း နေထိုင်သူတွေကဆိုပါတယ်။
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲတွေကြောင့် ဘောင်းဒွတ်၊ ဘုရားအုပ်၊ ဝေသာလီ၊ ပေါက်တောပြင်၊ ချောင်းသစ်၊ ရောင်စူ စတဲ့ကျေးရွာတွေကနေ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စု ၂၇၉ စုနဲ့ လူဦးရေ ၂၀၀၀ ခန့်ရှိတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။










