DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကို ရုရှားက ပံ့ပိုးပေးနေခြင်းက အစုအပြုံလိုက်သတ်ဖြတ်မှု ပိုကျူးလွန်ရန် ဖန်တီးပေး ခြင်းဖြစ်ဟု NUCC ပြော
DVB
·
June 10, 2023
စစ်အုပ်စုကို ရုရှားက ပံ့ပိုးပေးနေခြင်းက အစုအပြုံလိုက်သတ်ဖြတ်မှု ပိုကျူးလွန်ရန် ဖန်တီးပေး ခြင်းဖြစ်ဟု NUCC ပြော
Donate to DVB

အကြမ်းဖက်စစ်အုပ်စုကို ရုရှားနိုင်ငံအနေနဲ့ သံတမန်ရေး၊ စစ်ရေး အားပေးကူညီနေမှုက အာဆီယံ နဲ့ သဘောတူညီထားချက်တွေကို စစ်အုပ်စုက ပိုပြီးတော့ မထေမဲ့မြင် ပြုနိုင်စေဖို့ ပံ့ပိုးမှုတွေ ဖြစ်စေပြီး ဒေသတွင်းတခြားသော နိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေး ဖြေရှင်းမှုအတွက် ဆောင်ရွက် နေမှုတွေကို ပျက်ပြားစေတဲ့အပြင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုမိုကျူးလွန်နိုင်ဖို့ ဖန်တီးပေးနေတာလို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ပြောလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ ပတ်သက်တဲ့ ဇွန် ၁၀ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး  မြန်မာပြည်သူတွေကို နည်းမျိုးစုံနဲ့ ရက်စက်စွာ သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ထင်ရှားစွာ ပံ့ပိုးကူညီမှုတွေအတွက် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ကုလသမဂ္ဂ ညီလာခံ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီးတော့ ပယ်ဖျက်တာ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံကို စစ်လက်နက်မရောင်းဖို့ သဘောတူညီချက်ကို လက်မှတ်မထိုးတာ၊ စစ်လက်နက်တွေ ဆက်လက်ရောင်းချနေတာ၊ အခု ၂၀၂၃ ခုနှစ်၊ မေလမှာ ရုရှားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌက အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရုရှားနိုင်ငံတို့ကြား လုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးပြီး ဆောင်ရွက်နေတာတွေကို တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုနဲ့ မင်းအောင်လှိုင်ကို နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှုပံ့ပိုးတာက မြန်မာနိုင်ငံအတွင်းသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်တဲ့ လက္ခဏာဆောင်တာကြောင့် အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်ပြီး မြန်မာ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျုးလွန်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်ထောက်လှမ်းရေးအတွက် ပံ့ပိုးမှုတွေ ရပ်ဆိုင်းဖို့လည်း NUCC က သတိပေးထားပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း မြန်မာပြည်သူတွေကို ပိုမိုဆိုးရွားစွာ အကြမ်းဖက် သတ်ဖြတ်နေပြီး လူမျိုးတုံးသတ်ဖြတ်မှု (Genocide) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲဆို ခံထားရတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆက်ဆံနေတာက မြန်မာပြည်သူပြည်သားတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုကို အားပေးထောက်ခံနေတာဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီးတော့  ယူကရိန်းနိုင်ငံကို မတရား‌ကျူးကျော် ရန်စသိမ်းပိုက်ဖို့ ကြံစည်နေတဲ့ ရုရှားနိုင်ငံကို ရှုတ်ချတယ်လို့လည်း ဖော်ပြပါတယ်။

ရုရှားနိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို တဖက်သတ် အားပေးမှုတွေ၊ တိုက်တွန်းကူညီမှုတွေ ခုလိုပြောင်ပြောင်တင်းတင်း ပြုလုပ်နေတာက မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အသက် ဘေးအန္တရာယ်နဲ့ ဆင်းရဲဒုက္ခကို ပိုမိုခက်ခဲကြာရှည်အောင် ဆောင်ရွက်နေတာဖြစ်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အမှန်တကယ် ပြေလည်စေလိုတဲ့ စိတ်စေတနာထက် အာဆီယံဒေသကို ထိန်းချုပ်လိုတဲ့ ပထဝီနိုင်ငံရေး ရည်ရွယ်ချက်သာဖြစ်ကာ ဒေသအတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်ပျက်ပြားစေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာ တော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၆၅၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၂၉၉ ယောက် ထိရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၉ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013