
ကရင်နီ(ကယား)ပြည်နယ်ထဲက၊ လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ မော်ချီးဒေသထဲ ဝင်ရောက်နိုင်ရေး စစ်အာဏာရှင်တပ်တွေက ကြိုးပမ်းနေလို့ ဒေသခံ ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
၂၀၂၆ ခုနှစ်ဆန်းပိုင်းမှာ စစ်အာဏာရှင်တပ်တွေ ဖားဆောင်းမြို့ထဲ ဝင်ရောက်နိုင်ခဲ့တဲ့နောက် လွိုင်ကော်-ဖားဆောင်းလမ်းတခုလုံးကို ပြန်ဖွင့်နိုင်တော့မယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဖားဆောင်းကနေတဆင့် မော်ချီးခဲသတ္တုတွင်းဒေသကို စစ်ရေးအရ ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ကရင်နီတပ်ပေါင်းစုတွေက ခုခံနေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
“တိုက်ပွဲကတော့ ဖြစ်နေတယ်။ ဒါပေမဲ့ လောလောဆယ် သတင်းတွေက မထွက်ကြဘူး။ နေ့တိုင်းကို တိုက်ပွဲရှိနေတယ်၊ အဲဒီဘက်ခြမ်းမှာက အဲဒီလို ပြောလို့ရတယ်။ နေ့တိုင်းနီးပါးပေါ့နော်။ အဲဒီ ဖားဆောင်းအကျော် ခဲမဖြူဘက်မှာကတော့။ မိန်းလမ်းအတိုင်း သူတို့ ထိုးသွားတာတော့၊ တော်တော်များများတော့ သူတို့ပြန်ရနေပြီ ပြောလို့ရတယ်။ မိန်းလမ်းကြီးပေါ့၊ ဘေးတွေတော့ မပါဘူး။ သူက လမ်းအတိုင်းပဲ ထိုးသွားတာ။”
စစ်တပ်က ဒီးမော့ဆို-ဖရူဆိုနဲ့ ဘောလခဲ-ဖားဆောင်းလမ်းတွေကို ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေပြီး လမ်းတလျှောက်မှာလည်း နေရာယူတာရှိပေမဲ့ ခုချိန်ထိကတော့ မော်ချီးကို မဝင်နိုင်သေးဘူးလို့ တခြားစစ်ရေးရင်းမြစ်ကလည်း ပြောပါတယ်။
ဒေသခံစစ်ရေး သတင်းရင်းမြစ်က “မော်ချီးက တော်လှန်ရေးရဲ့ဝင်ငွေပေါက် ဖြစ်လို့ပါ။ ဒရုန်းတွေကတော့ နေ့တိုင်းဝဲပြီး ကင်းထောက်နေတာ။ ထိတွေ့တိုက်ပွဲက ရှိတယ်။ ဒါပေမဲ့ သင်္ကြန်ရက်တွေမှာတော့ လှုပ်ရှားမှုသိပ်မရှိဘူး၊ အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ရိုးရာ သင်္ကြန်ပျော်ဖို့ လုပ်နေကြတယ်လို့ ကြားတယ်။ လောလောဆယ်လမ်းကြောင်းတွေ ပိတ်ထားတော့ ကုန်ဈေးနှုန်းတွေက တက်လာပြီး ခဲစျေးကတော့ ကျသွားတယ်။ လေကြောင်းကအမြဲ သတိထားရတယ်”လို့ ပြောပါတယ်။
ဒါပေမဲ့လည်း စားဝတ်နေရေးအတွက် စစ်မရှောင်ကြသေးဘဲ သတ္တုတွင်းတွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ ဒေသခံတွေရှိနေတုန်း ဖြစ်ပြီး လေကြောင်းနဲ့ ဒရုန်းအန္တရာယ်ကိုတော့ အမြဲသတိထားနေကြရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်ထဲမှာ စက်သုံးဆီဈေးနှုန်း မြှင့်တက်မှုတွေကြောင့် ရေကား ၁ စီးကို ငွေကျပ် ၂ သိန်းခွဲအထိ ပေးနေရပြီး ကုန်စည်စီးဆင်းမှုအခက်အခဲနဲ့ အလှူရှင်နည်းပါးမှုတွေကြားက စစ်ရှောင်အသစ်တွေလည်း ထပ်တိုးနေတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေကြပြီလို့ ကူညီနေသူတွေက ပြောပါတယ်။










