DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ၁၂ ပါတီ၊ အန်စီစီတီနှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဆွေးနွေး
DVB
·
July 7, 2014
ပြည်တွင်း ၁၂ ပါတီ၊ အန်စီစီတီနှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဆွေးနွေး
Donate to DVB

ပြည်တွင်းက နိုင်ငံရေး ပါတီ ၁၂ ပါတီက ခေါင်းဆောင်တွေဟာ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ခေါင်းဆောင်တွေ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တို့နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

10527897_10203350361973163_2115590876549487742_nလက်ရှိမြန်မာနိုင်ငံရဲ့  နိုင်ငံရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး အတွက် အမြင်ချင်း ဖလှယ်တွေ့ဆုံဆွေးနွေး ခဲ့ကြတာပါ။

ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့  ကချင်ပြည်နယ် စည်းလုံး ညီညွတ်ရေး ဒီမိုကရေစီပါတီ (UDPSK) ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက အရင်တုန်းကနဲ့ မတူတော့ဘူး။ ဒီမိုကရေစီ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ရှိကိုရှိသင့်တယ်၊ တွေ့ကိုတွေ့သင့်တယ်၊ ဒီလိုမျိုးတွေ့ဆုံဆွေးနွေးမှု များများလုပ်နိုင်တဲ့အခါကျမှ ကျနော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံတာ ဖြစ်ပါတယ်။”

သူဟာ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဖြစ်သလို လက်ရှိ အမျိုးသားလွှတ်တော် တိုင်းရင်းသား ရေးရာကော်မတီ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။

ဒါ့အပြင်   အန်စီစီတီနဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသမီးတွေရဲ့ခံစားမှုကို ပိုမိုသိရှိနားလည်လာတယ်လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

“အန်စီစီတီက ဆက်တိုက်ကြိုးစားနေတယ်။ သိပ်မကြာခင် ရှေ့လပိုင်းမှာလည်း ပြန်ပြီး တွေ့ဆုံဆွေးနွေးတဲ့အနေအထားလည်း ကြိုးစားနေတယ်ဆိုတဲ့ အချက်တွေကိုသိရတော့ ကျေးဇူးတင်တယ်။ သူတို့ကြိုးစားတဲ့ အတိုင်းအတာဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အပေါင်းဘက်ကို သွားမှာပဲဆိုတာ သိရှိနားလည်ရလို့ အင်မတန်ဝမ်းသာတယ်၊ အားလည်း ရှိတယ်။ အမျိုးသမီးအဖွဲ့ချုပ်နဲ့ တွေ့တော့ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ အမျိုးသမီးဆိုတာ လူမှုအဖွဲ့အစည်းမှာ အဓိက၊ နိုင်ငံမှာလည်း အဓိက။ ဒါပေမယ့် နေရာတကာမှာ သူတို့ ပါဝင်မှု အားနည်းတယ်၊ နေရာတကာမှာ သူတို့ကို ဦးစားပေးမှု အားနည်းတယ်၊ အထူးသဖြင့် ပြည်တွင်း မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ ပိုပြီး ဒုက္ခရောက်တာက အမျိုးသမီးတွေ၊ မိခင်တွေနဲ့ ကလေးတွေဖြစ်တယ်။ ဒါတွေကို ပိုပြီးတော့ သိရတော့ ဒီကဏ္ဍမှာ ကျနော်တို့ ပါဝင်ရမယ်၊ ကြိုးစားရမယ်ဆိုတာ ပိုပြီး တာန်ရှိလာတယ်၊ ကာယကံရှင်တွေ တင်ပြလာတော့ ပိုပြီး နားလည်လာတယ်။ ”

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်း လက်ရှိ အန်စီစီတီက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတယ်လို့ ပြောပါတယ်။

“အခုလုပ်ဆောင်နေတာ အပေါင်းလက္ခဏာဆောင်တယ်လို့ မြင်တယ်။ တဆင့်ချင်းတဆင့်ချင်း လုပ်ဆောင်သွားတဲ့ အပိုင်းတွေကိုကြည့်ရင် ရှေ့ကိုတက်လှမ်းနေတဲ့ အနေအထားမျိုး တွေ့ရတယ်။ အဓိက နောက်ဆုတ်တဲ့ လက္ခဏာမတွေ့ရဘူး။ စည်းဝေးပွဲတွေ တောက်လျှောက်လုပ်သွားဖို့ သူတို့မှာ အစီစဉ်ရှိတယ်ဆိုတာ သိရတယ်။ တိုင်းရင်းသားတွေအချင်းချင်း ဆွေးနွေးစရာရှိတာ သူတို့ ဆွေးနွေးမယ်။ ပြီးရင် အမ်ပီစီနဲ့ ထပ်ပြီး ဆွေးနွေးတာ သူတို့လုပ်မယ်။”

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးချက်တချို့နဲ့ပတ်သက်ပြီး  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး   ဒေါ်တင်တင်ညိုက အခုလို ပြောပါတယ်။

“အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုတဲ့အကြောင်း၊ ဘာကြောင့် ပြင်ဆင်ရသလဲဆိုရင် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေ၊ ချိုးဖောက်ခဲ့သူတွေကို အပြစ်ပေးအရေးယူလို့မရအောင် ကာကွယ် အာမခံထားပေးတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်တယ်။ နောက်တခုက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေအတွက် အာမခံချက်ရှိတဲ့၊ တာဝန်ယူမှုတာဝန်ခံမှု ရှိတဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်တဲ့ မူတွေ ချမှတ်ဖို့လိုတယ်လို့ ကျမတို့ ပြောတယ်။ အမျိုးသမီးတွေ အကာကွယ်မဲ့နေတဲ့ ကိစ္စနဲ့ စစ်တပ်က အဓမ္မချိုးဖောက်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဘယ်လိုမျိုး ဥပဒေပိုင်းဆိုင်ရာအရ အကာကွယ်ပေးနိုင်အောင် လုပ်နေသလဲ၊ အမျိုးသမီးတွေ နေ့တဓူဝ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ၊ သူတို့ကတော့ အမျိုးသမီးအကြမ်းဖက်ခံရမှု ကာကွယ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာရှိတယ်။ ဒါပေမယ့် တကယ့်ဥပဒေ ပြဋ္ဌာန်းနိုင်မှု မရှိသေးဘူးပေါ့။ တင်ပြချင်တာရှိရင် လာပြီးတင်ပြဖို့ သူတို့ ဖိတ်ခေါ်တယ်။”

ပြည်တွင်းက တိုင်းရင်းသားပါတီခေါင်းဆောင်တွေဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို လာရောက် လေ့လာရင်း ချင်းမိုင်မြို့မှာရှိတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013