
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ဇွန် ၁ ရက်ကစတင်ကာ နေရာကွက် မိုးရွာသွန်းနေတာကြောင့် ကျွန်းလှနဲ့ တန့်ဆည်မြို့နယ် နှစ်ခုကြားက ရွာဘင်းချောင်း ရေကြီးရေလျှံနေပြီး သွာလာရေးခက်ခဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါချောင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လယ်ဘူး၊ ဖောင်းပြင် စတဲ့မြို့နယ်တွေကနေ စီးလာတဲ့ ချောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ချောင်းရေကျလာတာက မနေ့ဇွန် ၈ ရက်နေ့ မွန်းတည့် ၁၂ လောက်က ကျလာတာဗျ။ အဲလိုချောင်းရေကျလာတော့ ကျနော်တို့ တန့်ဆည်နယ်ကနေ ကျွန်းလှနယ်ဘက်သွားမယ့် စည်းသာ–ညောင်ကိုင်းလမ်းပိုင်းပိတ်သွားတယ်။ ချောင်းရေကျလာတော့ ဘယ်လိုမှကူးလို့မရဘူး။ အများစု ပိတ်မိနေတာက ကုန်ကားတွေ၊ အိမ်စီးကားတွေ ပိတ်မိနေတယ်။ ဆိုင်ကယ်တွေကတော့ ချောင်းကို ဖြတ်ကူးဖို့ အထမ်းသမားခေါ်ရရင် ၁ စီးကို ၂ သောင်း ပေးရတယ်။ အခုဇွန် ၉ ရက်နေ့အထိ ချောင်းရေက များနေသေးတယ်၊ ရေစီးကလည်း သန်နေသေးတယ်ဗျ။ ချောင်းက တခါကျရင် မိုးရွာတဲ့အပေါ်မူတည်ပြီး ကျတာ။ မိုးပြတ်ရင်ရေကျသွားတယ်၊ မိုးမပြတ်ရင်တော့ ၁ ပတ်၊ ၁၀ ရက် ကြာရင်လည်းကြာနိုင်မယ်။ အတိကျတော့ပြောမရဘူး” လို့ ရွာသားတဦးက ပြောပါတယ်။
အဆိုပါရွာဘင်းချောင်းဟာ ကင်းတပ်ဆည်ထဲကို တိုက်ရိုက်စီးဝင်ပြီး ကင်းတပ်ဆည်ကနေ ရေလျှံရင်တော့ မူးမြစ်ထဲကို စီးဝင်တယ်လို့ ဆိုပါတယ်။
ချောင်းရေကျမှုဟာ ပထမဆုံးဖြစ်တာကြောင့် ချောင်းကမ်းဘေးနေ ပြည်သူတွေနဲ့ ဒေသခံတွေ မြွေအန္တရာယ်နဲ့ ချောင်းရေကြီးလို့ ချောင်းကမ်းရေ တိုက်စားတာတွေဖြစ်ပေါ်နိုင်တာကြောင့် ဂရုစိုက်ပြီးနေကြပေးဖို့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့က သတိပေးထားပါတယ်။










