DVB Logo
Home
မြန်မာသတင်း
မူးနှင့်လယ်ဒိုမြို့နယ်အတွင်းရှိ စစ်တပ်နေရာ ၅ ခုကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်
DVB
·
June 9, 2023
မူးနှင့်လယ်ဒိုမြို့နယ်အတွင်းရှိ စစ်တပ်နေရာ ၅ ခုကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်
Donate to DVB

KNU ထိန်းချုပ်ရာ ခလယ်လွီထူခရိုင်၊  မူးနဲ့လယ်ဒိုမြို့နယ်က စစ်တပ်နေရာ ၅ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့တို့က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဇွန် ၆ ရက် မနက် ၄ နာရီမှ ၇ နာရီအတွင်း စစ်တပ်တပ်စွဲတဲ့ နေရာ ၅ ခုကို တပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့အပြင် ထောက်ပို့ လမ်းကြောင်းတွေဖြစ်တဲ့ တံတား ၃ စင်းကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်တပ်တပ်စွဲရာ ရေတွင်းကုန်လမ်းခွဲ ကင်းစခန်း၊ နတ်သံကွင်းမြို့ ရဲစခန်း၊ နတ်သံကွင်း တံတားအရှေ့ကင်း၊ ကွင်းချောင်းဝအရှေ့ခြမ်းက တံတားအနောက်ကင်းနဲ့ ဘုံသတောစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး နတ်သံကွင်းတံတား၊ အုန်းနဲပင်နဲ့ နယွဲပင်ကြားက တံတား၊ သာစည်နဲ့တာဆုံကြားက တံတားတွေကို ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အယောက် ၄၀ သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံ ပူးပေါင်း တပ်က  ၄ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်ထံက  G3-၁လက်၊  MA1-၁လက်၊  MA3-၁လက်၊  MA4-၁လက်၊  MAကျည်တောက်-၁၀ခု၊ MAကျည်-၃၈၄တောင့်၊  M16 ကျည်ဘောက်-၁ခု၊  ယူနီဖောင်း-၆စုံ၊  M14မိုင်း-၆၀လုံး၊  ကျောပိုးအိတ်-၆လုံး၊  79ကျည်-၁လုံး၊ မိုင်းရှာစက်-၂စုံ၊  ယမ်းကူး-၁၅ခု၊  ပိုက်ဆံ-၄၈၀၀၀ကျပ် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး စစ်တပ်က လေယာဉ်နဲ့ ၃ ကြိမ်၊ ရဟတ်ယာဉ်နဲ့ ၆ ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့တဲ့အပြင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုပစ်ခတ်တာကြောင့် လယ်ဒိုမြို့နယ်က နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စတဲ့ ကျေးရွာတွေနဲ့ မူးမြို့နယ်က ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စတဲ့ ကျေးရွာတွေက လူ ၄၅၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဇွန် ၇ ရက် မနက်ပိုင်းမှာတော့  နတ်သံကွင်းတံတားနဲ့ ရဲစခန်းကို စစ်တပ်က ပြန်လည် တပ်စွဲကာ အနီးနားက နတ်သံကွင်း ၂၊ ၃၊ ၆ ရပ်ကွက်တွေက ထွက်ပြေးတိမ်းရှောင်ခြင်း မရှိတဲ့သူတွေကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013