DVB
အီရန်ရေနံကို သိမ်းချင်တာဖြစ်ပြီး ခါ့ဂ်ရေနံကျွန်းကို သိမ်းယူဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖိုင်နန်ရှယ်တိုင်းမ် သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ထရမ့်ပ်က “ရိုးရိုးသားသားပြောရရင် ကျုပ်အကြိုက်ကတော့ အီရန်က ရေနံကို သိမ်းလိုက်တာပဲ။ ယူအက်စ်က တချို့မိုက်မဲတဲ့သူတွေကျတော့ ဘာဖြစ်လို့ လုပ်မှာလဲ မေးနေကြတယ်။ ဒီလူတွေ အတော်မိုက်တာပဲ” လို့ မှတ်ချက်ချပါတယ်။
“ခါ့ဂ်ကျွန်းကို သိမ်းတာလည်း ဖြစ်နိုင်သလို မသိမ်းတာလည်း ဖြစ်နိုင်တယ်။ ကျုပ်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိတယ်။ အဲဒီကျွန်းမှာ ကာလတိုတခုလောက် ကျုပ်တို့ ရှိနေတာလည်း ဖြစ်နိုင်တယ်” လို့ ထရမ့်ပ်က ဆက်ပြောပါတယ်။
ကျွန်းရဲ့ ကာကွယ်ရေးနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ သူတို့မှာ ဘာကာကွယ်ရေးမှ ရှိမယ်မထင်ကြောင်းနဲ့ အလွယ်တကူ သိမ်းယူနိုင်ကြောင်း ထရမ့်ပ်က ဖြေပါတယ်။
ပါကစ္စတန် ကြားခံကိုယ်စားလှယ်တွေကတဆင့် အီရန်နဲ့ သွယ်ဝိုက်ဆွေးနွေးမှုတွေဟာ တိုးတက်မှု ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေရဲ့ နေအိမ်တွေအပြင် တက္ကသိုလ်တွေကိုပါ ပစ်မှတ်ထားပြီး လက်တုံ့ပြန်သွားမယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။
မတ် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ အစ္စဖာဟန်မြို့က တက္ကသိုလ်တခု ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။
Source: Reuters











