DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ လေးခွဖြင့် တိုက်ခိုက်ခံရ
DVB
·
July 7, 2014
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ လေးခွဖြင့် တိုက်ခိုက်ခံရ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို လောက်လေးခွတွေနဲ့ ၀ိုင်းပစ်ခတ်လို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ခင်ဦးမြို့နယ် မန်ကျည်းတုံကျေးရွာမှာ ဇူလိုင် ၆ ရက်နေ့ညနေက ရွာလယ်ပိုင်းက အိမ်ဝင်းမှာ ဟောပြောပွဲ ပြုလုပ်နေစဉ် လေးဘက်လေးတန်ကနေ လောက်လေးခွတွေနဲ့ ၀ိုင်းပစ်ခံခဲ့ရတာလို့ ပစ်ခံရစဉ် ဟောပြောနေတဲ့ မြို့နယ်အဆင့် အန်အယ်လ်ဒီပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“ခြောက်နာရီမတ်တင်းဗျ။ လူလုံးမကွဲတကွဲလောက် မန်ကျည်းတုန်ရွာမှာ ပစ်ခံရတာ။ ဒဏ်ရာရတာကတော့ ကလေးလေး ပိုးသီရိအောင်က ခေါင်းပေါက်တယ်၊ ကျောက်ခဲနဲ့ မှန်တယ်၊ ဒေါ်သော့ဆိုတာက အသက် ၆၀ လောက်ရှိပြီ သူကတော့ ကျောက်ပေသီးနဲ့ မှန်တာ၊ ဘု ကြီးထသွားတာပေါ့။ ခေါင်းတွေ မူးနေတာ၊ မျက်နှာ မှန်တာက ဒေါ်အေးတင့်။ ကိုကျော်အေးက သိပ်မနာဘူး။ မဂျမ်းစိန် ဆိုတာ မှန်းတယ်၊ ကျနော့်ကိုတော့မမှန်းဘး။ လျှပ်သွားတယ်။”

မန်ကျည်းတုံရွာလယ်က ဦးငြိမ်းမောင်နေအိမ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ရွာသူရွာသား ၁၀၀ ကျော်လောက် တက်ရောက်နားထောင်ကြတယ်လို့ ဆိုပါတယ်။

နည်းနည်းမှောင်နေတဲ့အတွက် အရပ်လေးမျက်နှာက လာတဲ့ လောက်လေးခွတွေကို ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာ မသိဘူးလို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရွာသားတွေ ကြောက်လန့်တကြား ထွက်ပြေးကြတာကြောင့် ပွဲပျက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံတဲ့အစီအစဉ် ပျက်သွားတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲမှာ   မြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါက်တာ ၀င်းအောင်၊ ဒုဥက္ကဋ္ဌ ဦးအောင်သိန်း၊ အတွင်းရေးမှူး ဦးစိုးရင်နဲ့  စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ဦးညွန့်အောင်တို့ပါ တက်ရောက်ကြပေမယ့် တစုံတရာ ထိခိုက်မှု မရှိဘဲ ရွာသားတွေကိုပဲ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီရဲ့ အလုပ်အမှုဆောင် ဦးညွန့်အောင်က  တရားဝင် အကြောင်းကြားလုပ်ဆောင်တာ ဖြစ်တဲ့အတွက် မြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က လုံခြုံရေးပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“သူတို့မှာ တာဝန်ရှိတာပေါ့၊ ကျနော်တို့ သွားတယ်ဆိုရင် တရားဝင် ကော်မရှင်မှာ စာတင်ရင် လုံခြုံရေးပေးတာတွေ ဘာတွေ ရှိတာပဲ၊ အခုဟာက ကျနော်တို့မှာ ဒီအတိုင်းပဲ။  စည်းမဲ့ကမ်းမဲ့ ဖြစ်နေတယ်။ အောက်ခြေမှာ။”

မနေ့ညက ညတွင်းချင်းရဲစခန်းမှာ ခဲပေါက်မှုနဲ့ အမှုဖွင့်ခဲ့ပြီးကြောင်းနဲ့ မြို့နယ်ကော်မရှင်ထံကို ဒီကိစ္စ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မြို့နယ် အန်အယ်လ်ဒီတာဝန်ရှိသူတွေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲလုပ်တာကိုရော၊ အသံချဲ့စက်ဖွင့်ခွင့်ကိုရော ခွင့်ပြုချက်အရ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ မန်းကျည်းတုံရွာမှာ မဟောပြောခင် ခင်ဦးမြို့ကနေ ၆ မိုင်အကွာက ခြေမြစ်ကျင်းရွာမှာလည်း ဟောပြောခဲ့ပြီး တစုံတရာ ပြဿ    နာမရှိခဲ့ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက ပရိသတ်ကို ဓာတ်ပုံရိုက်တာပဲ ရှိတယ်လို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်ဆောင်သူတွေကို မကွေးတိုင်းမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုဖို့ ရဲကို တိုင်တန်းထားတာတွေ ဖြစ်ခဲ့သလို ကျန်နေရာ တချို့မှာလည်း ပိတ်ပင်ဟန့်တားမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013