DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်နေ၊ စစ်တွေ၌ ဟင်းသီးဟင်းရွက်စျေး အဆမတန်မြင့်တက်
DVB
·
June 8, 2023
ရခိုင်တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်နေ၊ စစ်တွေ၌ ဟင်းသီးဟင်းရွက်စျေး အဆမတန်မြင့်တက်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်u စစ်ရေးလှုပ်ရှားမှုတွေ  ဆက်တိုက်လုပ်ဆောင်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နေ့တိုင်းလိုလို စစ်ကားတွေနဲ့ မြို့ပတ်တာ၊ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေသလို ကျောက်တော်ဘက်မှာလည်း ရိက္ခာတွေသယ်ယူတာ စစ်ကားတွေနဲ့ သွားလာတာ တွေ့လာရတယ်လို့  မြောက်ဦးဒေသခံတဦးက ပြောပါတယ်။ 

ခုရက်ပိုင်းအတွင်း ပိုမိုလှုပ်ရှာမှု များလာနေပြီး အထူးသဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း စတဲ့ မြို့နယ်တွေမှာလို့ ဆိုပါတယ်။

တဖက်မှာ ရခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က မုန်တိုင်းသင့်ပြည်သူတွေကို ကူညီရေးတွေလုပ်နေတဲ့အချိန် အခွင့်ကောင်းယူပြီး ခုလိုလှုပ်ရှားနေတာတွေက ရိုးသားမှုမရှိသလို တဖက်နဲ့တဖက် စစ်ရေးတင်းမာနေတဲ့အချိန်လည်း မဟုတ်တဲ့အတွက် အခု စစ်ရေးလှုပ်ရှားမှုတွေက တခုခုကို မီးမောင်းထိုးပြသလို ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။  

ရခိုင်ပြည်နယ်ထဲမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ က ဒုတိယအကြိမ်မြောက် အပစ်ရပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကတော့ AA ပါဝင်တဲ့ မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မိုင်းလားမှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရောင်းချနေတဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဟင်းသီးဟင်းရွက်ဈေးတွေဟာ အရင်ထက် ၃ ဆလောက် ဈေးမြင့်နေတဲ့အတွက် ဝယ်ယူစားသုံးဖို့တောင် မလွယ်ကူဘူးလို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

“ခုရာသီမှာ အရမ်းပေါတဲ့ ကန်စွန်းတို့ ချဥ်ပေါင်တို့တောင် ဈေးကအရမ်းမြင့်တယ်။ အရင်က တစည်း ၃၀၀ လောက်ရှိတဲ့ ကန်စွန်းရွက်တွေဟာ ခု ၁၀၀၀ ဖြစ်နေတယ်။ အသီးအရွက် ဝယ်စားနိုင်ဖို့တောင် မလွယ်တော့ဘူး" လို့ ပြောပါတယ်။

မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ဟင်းသီးဟင်းရွက်အားလုံး ဈေးမြင့်နေတာဖြစ်ပြီး အရင်က ၁ ပိဿာ ၈၀၀၀ လောက်ရှိတဲ့ ငရုပ်သီးစိမ်းတွေဟာ အခု ၁၅,၀၀၀၊ ၅၀၀ ဖိုး ၃ လုံးရခဲ့တဲ့ သံပရာသီးတွေဟာ အခု တလုံး ၅၀၀ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းနောက်ပိုင်း စိုက်ပျိုးဧကတွေ အပျက်အစီးများခဲ့တာကြောင့် ခုလို ဟင်းသီးဟင်းရွက်တွေ ဈေးမြင့်နေတာလို့ စစ်တွေမြို့မှာ ရောင်းချနေတဲ့ ဈေးသည်တဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ဟာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်တခုဖြစ်ခဲ့ပြီး မုန်တိုင်းအလွန် ကုန်ဈေးတွေ အဆမတန်မြင့်တက်နေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013