DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု မြင့်တက်
DVB
·
June 7, 2023
မြန်မာ့ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု မြင့်တက်
Donate to DVB

အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မေလမှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့‌‌ ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလထက် တန်ချိန် ၃၀,၀၀၀ ဝန်းကျင် တိုးတက် တင်ပို့နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဆန်တန်ချိန် ၄၇,၈၈၈ တန်နဲ့ ဆန်ကွဲတန်ချိန် ၃၉,၇၆၀ တန် စုစုပေါင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၈၇,၆၄၈ တန်သာ တင်ပို့နိုင်ခဲ့ပြီး မေလမှာတော့ ဆန် ၆၃,၉၂၀ တန်၊ ဆန်ကွဲ ၄၆,၇၈၆ တန် စုစုပေါင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁၁၀,၇၀၆ ထိ တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်တွင်းဆန်စျေးကွက်ကို ထိန်းချုပ်ဖို့ ဆန်ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်မှုတွေကြောင့် ဧပြီလမှာ ပြည်ပကို ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် တနှစ်ကျော်အတွင်းမှာ အနိမ့်ဆုံးဖြစ်ခဲ့ပြီး တင်ပို့တဲ့ ကုမ္ပဏီအရေအတွက်လည်း လျော့ကျလာတာ တွေ့ရပါတယ်။

ပြည်ပကို ဆန်၊ ဆန်ကွဲ တင်ပို့နေတဲ့ ကုမ္ပဏီ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း တလကို ပျဉ်းမျှ ကုမ္ပဏီ ၄၀ ကနေ ၅၀ ဝန်းကျင်ထိ ရှိခဲ့ပေမဲ့ ဧပြီလမှာတော့ ကုမ္ပဏီ ၃၆ ခုသာ ရှိခဲ့ပါတယ်။

အခု မေလမှာတော့ တင်ပို့တဲ့ ဆန်ပမာဏနဲ့အတူ ကုမ္ပဏီအရေအတွက်လည်း ၄၁ ခုအထိ ပြန်များလာတာ တွေ့ရပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတဦးက “နိုင်ငံခြား ပို့မပို့တော့ ကျနော်တို့လည်း မသိဘူး။ ဆန်ဈေးကတော့ လိုက်မမီတော့ဘူး။ အနိမ့်ဆုံး အညံ့ဆုံးဆန်‌တောင် တပြည်ကို ၃,၀၀၀ ကျော်နေပြီ။ ဆန်တင်မဟုတ်ဘူး၊ အကုန်တက်နေတာ။ ဝင်ငွေကကျ တိုးမလာဘူး။ တော်တော်ကျပ်နေပြီ” လို့ ပြောပါတယ်။

အခုအခါမှာ ပြည်တွင်းဆန်ဈေးနှုန်းတွေက မကြုံစဘူး စံချိန်တင် ဈေးထိုးတက်နေပြီး ၂၀၂၁ ဖေဖော်ဝါရီမတိုင်ခင် ဈေးထက် နှစ်ဆနီးပါး မြင့်တက်နေပါတယ်။

ပြည်တွင်းဆန်ဈေးဟာ သင်္ကြန်အပြီးကတည်းက တောက်လျှောက်ထိုးတက်လာခဲ့ပြီး  အခုတပတ်မှာလည်း ထပ်မံ ဈေးမြင့်တက်လာပါတယ်။

စစ်ကောင်စီကတော့ ကန့်သတ်ပမာဏထက် ဆန်စပါးသိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရမယ်လို့ ပြီးခဲ့တဲ့ မေလပိုင်းက သတ်မှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကို ဆန်တင်ပို့မှုက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ ဒသမ ၂ သန်းကျော်၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ထက် တိုးတက် တင်ပို့နိုင်ခဲ့ပါတယ်။

အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ မေလကုန်အထိ ပထမနှစ်လအတွင်းမှာ တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့ထားပြီး ၉၅ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့ထားတာပါ။

အများဆုံးဝယ်ယူတဲ့ နိုင်ငံတွေက ဘယ်လ်ဂျီယံနဲ့ တူရကီနိုင်ငံဖြစ်ပြီး တရုတ်၊ နယ်သာလန် မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း အဓိက ဝယ်ယူနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက လျော့ကျနေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလနဲ့ မေလအတွင်းမှာ စုစုပေါင်း တန်ချိန် ၄၀၀,၀၀၀ ကျော်ထိ တင်ပို့မှုရှိခဲ့တဲ့အတွက် တန်ချိန်  နှစ်သိန်းကျော် လျော့ကျနေပါတယ်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ရရှိဖို့ လျာထားဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013