Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာက နေအိမ် ၂ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
June 7, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာက နေအိမ် ၂ လုံးကို အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းက ဇွန် ၆ ရက် မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥတ္တူရွာမြောက်ပိုင်း ဘောလုံးကွင်းအနီးက သစ်သားနေအိမ်တလုံး နဲ့ ရွာဘုန်းကြီးကျောင်းအနီးက တိုက်အိမ်တလုံး မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး သစ်သားအိမ်ကတော့ လုံးဝပြာကျပျက်စီးသွားခဲ့ပါတယ်။

“မီးရှို့ခံလိုက်ရတာ ဒီအတိုင်းကြည့်နေရတယ်။ အိမ်တွေက သာမန် အရပ်သားအိမ်တွေပါပဲ၊ အကြောင်းမဲ့ ရှို့ခံလိုက်ရတယ်။ အဲနှစ်အိမ်ထဲက တအိမ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကမှ ဆောက်လို့ပြီးထားတာ” လို့ ဥတ္တူရွာသားတဦးက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေက အသုံးအဆောင်နဲ့ ပရိဘောဂတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးထားတာကိုလည်း ရရှိထားတဲ့ မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့မြင်ရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဥတ္တူရွာအတွင်း စတင်ဝင်ရောက်လာချိန်မှာ သရက်နှစ်ခွရွာသား ၂ ဦးနဲ့ ဥတ္တူရွာသား ၂ ဦးကို လူသားဒိုင်းအဖြစ် စစ်ကြောင်းအရှေ့ကနေပြီး ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အလိုရှိသူတဦးကို ရှာဖွေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥတ္တူကျေးရွာအတွင်း ရှာဖွေပြီးတဲ့နောက်မှာ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီစစ်ကြောင်းဟာ တောလမ်းကနေ အရှေ့တောဒေသဘက်ကို သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် ဥတ္တူကျေးရွာအနီးတဝိုက်ပတ်ဝန်းကျင်မှာ ပြန်ရောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဥတ္တူကျေးရွာအုပ်စုဟာ မြိတ်-ထားဝယ်ကားလမ်းဘေး ကနေ ခွဲဝင်ရပြီး အိမ်ထောင်စု ၆၀၀ ကျော်နဲ့ လူဦးရေ ၂၅၀၀ နီးပါးနေထိုင်တဲ့ ကျေးရွာအုပ်စုတခုဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မေလနှောင်းပိုင်းက ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးစဉ်မှာလည်း ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်တာနဲ့ နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024