ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က မော်တော်ယာဉ်တွေကို စစ်ဆေးပြီး အစီး ၃၀ ထက်မနည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ကိုသွားတဲ့ ကာမိုင်းစစ်ဆေးရေးဂိတ်နဲ့ နန့်ယား စစ်ဆေးရေး ဂိတ်နေရာတွေမှာ စစ်ကောင်စီတပ်က ဇွန် ၃ ရက်နေ့က စတင်ကာ မော်တော်ယာဉ်လိုင်စင် တင်းကျပ်စွာ စစ်ဆေးပြီး ပြည်သူတွေရဲ့ မော်တော်ယာဉ် အစီး ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“မြစ်ကြီးနားကနေ ဖားကန့်တက်တဲ့ကားတွေ၊ မိုးကောင်းဘက်က တက်လာတဲ့ ကားတွေကို နန့်ယားဂိတ်နဲ့ ကာမိုင်းဂိတ်မှာ ဇွန်လ ၃ ရက်နေ့က စပြီး ဖမ်းတာ။ စစ်တာကတော့ နှစ်ဂိတ်လုံး စစ်တယ်။ အတော်များများက လိုင်စင်မဲ့ဆိုပေမယ့်လည်း ကားတိုင်းတော့ မဖမ်းဘူး။ ကုန်တင်ကားတွေ ဆိုရင်လည်း အတော်လေး မွှေနှောက်စစ်ပြီးမှ လွှတ်ပေးတယ်” လို့ နန့်ယား စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။


စစ်ကောင်စီတပ်က ဇွန် ၃ ရက်နေ့က စတင်ပြီး ယာဉ်လိုင်စင်အကြောင်းပြ စစ်ဆေးကာ နန့်ယားစစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ် အစီး ၂၀ ထက်မနည်းနဲ့ ကာမိုင်းစစ်ဆေးရေးဂိတ်မှာ မော်တော်ယာဉ် ၁၀ စီးထက်မနည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မော်တော်ယာဉ်တွေကို စစ်ဆေးပြီး တရားမဝင် ငွေကြေးတောင်းခံနေတဲ့အတွက် စစ်ကောင်စီတပ် ဂိတ်ကိုရှောင်ကာ သွားလာအသုံးပြုလို့ရတဲ့ လမ်းကြောင်းငယ်တွေကို မော်တော်ယာဉ် မောင်းနှင်သူတွေ ဖောက်လုပ်ထားပေမဲ့ မေလဆန်းပိုင်းမှာ စစ်ကောင်စီက အဆိုပါလမ်းကြောင်းတွေကို ဘတ်ဟိုးနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၀ ရက်ကလည်း ဆန် နဲ့ ဆီ သယ်ဆောင်လာသူ ကားသမား ကိုမိုက်မိုက်ဟာ ကာမိုင်းစစ်ဆေးရေးဂိတ်ကနေ စစ်ဆေး ဖြတ်သန်းအပြီး စစ်တပ်က အနောက်ကနေ သေနတ်နဲ့ လှမ်းပစ်ခဲ့တဲ့အတွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။