DVB Logo
Home
မြန်မာသတင်း
ပတ္တယားတွင် ထိုင်းလူငယ် ၁ ဦးအား အုပ်စုဖွဲ့ဝိုင်းရိုက်သည့် မြန်မာလူငယ်အချို့ ဖမ်းမိ
DVB
·
May 19, 2026
Photo: TNews
Photo: TNews
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမှာ အသက် ၁၆ နှစ် အရွယ် ထိုင်းလူငယ်ကို မြန်မာလို့ယူဆရတဲ့ လူငယ် ၁၀ ယောက်လောက်က ဝိုင်းဝန်းရိုက်နှက် လုယက်ခဲ့တာနဲ့ ပတ်သက်လို့ ကျူးလွန်သူတချို့ကို ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ မေ ၁၉ ရက် မနက် ၁၀ နာရီခွဲ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ကျူးလွန်သူတွေကို အပူတပြင်း လိုက်လံစုံစမ်းတာမှာ သူတို့ဟာ ချွန်းပူးရီးခရိုင်၊ ဆီရီရားချားမြို့နယ်၊ နောင်ခမ်းအာရပ်ကွက်၊ ဆဟာဂရုပ်ပါ့က်နားက အဆောင်တခုမှာ ပုန်းအောင်းနေတာ သိရလို့ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၀ မှ ၂၅ နှစ်ရွယ်ကြား မြန်မာလူငယ် ၅ ယောက်ကို ကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ဆိုင်ကယ် ၃ စီးနဲ့ပါ သက်သေအဖြစ် ဖမ်းဆီးရမိတယ်လို့ ချွန်းပူးရီးခရိုင်ဝန် နိုင်းနရစ် နိရားမယဝုန်းက ပြောပါတယ်။

မြန်မာလူငယ် ၅ ယောက်က အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်ကို ရိုက်နှက်ခဲ့ကြောင်း ဝန်ခံတယ်၊ ဒါပေမဲ့ အဲဒီထဲက တယောက်ကတော့ ဒီမတိုင်ခင် သူတယောက်တည်းရှိနေတုန်း ထိုင်းလူငယ် ၃ ယောက်က သေနတ်လိုအရာနဲ့ ဦးစွာ ခြိမ်းခြောက်ပြီး သူ့ဖိနပ်ကို လုယူတာ၊ သူငယ်ချင်းတွေ လာတွေ့တော့ သူ့ဘက်ကနေ ကူညီရင်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်သွားရတယ်၊ စီစီတီဗီ ကင်မရာကို ပြန်ဖွင့်ကြည့်ပြီး အမှန်အတိုင်းဆုံးဖြတ်ပေးဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ခရိုင်ဝန်က ကျူးလွန်သူဘက်ကလည်း သူတို့မှာ ချေပပိုင်ခွင့်ရှိတယ်၊ တာဝန်ရှိသူတွေ အနေနဲ့ကတော့ နှစ်ဖက်စလုံးကို အသေးစိတ် ထပ်မံစစ်ဆေးမေးမြန်းရမှာ ဖြစ်တယ်၊ ဒီဖြစ်စဉ်မှာ အရွယ်မရောက်သေးတဲ့ လူငယ်တွေ ပါဝင်ပတ်သက်တာကြောင့် ကျွမ်းကျင်သူ ပညာရှင်တွေပါတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်၊ စစ်ဆေးချက်အရ ဘယ်ဘက်ကပဲ ပြစ်မှုကျူးလွန်သည် ဖြစ်စေ တရားမျှတစွာနဲ့  ဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ  နေထိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို တိတိကျကျ လေးစားလိုက်နာဖို့၊ အလုပ်ရှင်တွေ အနေနဲ့လည်း မိမိတို့ရဲ့ အလုပ်သမားတွေကို အထောက်အထား ပြည့်စုံအောင် လုပ်ဆောင်ဖို့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အလုပ်သမားတွေဟာ ဥပဒေနဲ့အညီ နေထိုင်မှု ရှိမရှိနဲ့ လူမှုပတ်ဝန်းကျင်ပေါ် အနှောင့်အယှက် မပေးအောင် ဝိုင်းဝန်းကြီးကြပ်ဖို့ ခရိုင်ဝန်က မှာကြားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၅ ယောက်ကိုလည်း မိမိဘက်က မတရား အနိုင်ကျင့်ခံရတာ၊ အနှောင့်အယှက်ပြုခံရတာ ရှိရင် တရားဥပဒေအရ အရေးယူဖို့ ရဲစခန်းကို အကြောင်းကြားဖို့၊ မိမိဘာသာ အကြမ်းဖက်တုံ့ပြန်တာတွေ မလုပ်သင့်ကြောင်း ခရိုင်ဝန်က မှာကြားသွားပါတယ်။

Source: ThaiNews / naewna.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013