
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရဲ့ အောင်စာရင်းကို ဇွန် ၉ ရက် မနက်၆ နာရီမှာ ကြေညာမယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဌာနချုပ်က ကြေညာပါတယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ ဒေသရှိ ကျောင်းတွေနဲ့ အင်တာနက်မရသေးတဲ့ ဒေသတွေအတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာ့အသံရေဒီယိုကနေ ထုတ်လွှင့်မယ်လို့ သိရပါတယ်။
ရေဒီယိုကနေ ကြေညာမယ့် ဒေသတွေမှာ ကချင်ပြည်နယ်မှာ ၉ မြို့၊ ရခိုင် ၂ မြို့၊ ရှမ်းအရှေ့ ၈ မြို့၊ ရှမ်းတောင် ၈ မြို့၊ ရှမ်းမြောက် ၅ မြို့၊ တနင်္သာရီတိုင်း ၃ မြို့၊ ရန်ကုန်တိုင်း ၁ မြို့နဲ့ တိုက်ပွဲတွေ အဖြစ်များတဲ့ ဒေသတွေက စစ်ကိုင်းတိုင်းအတွင်း ၂၅ မြို့၊ မကွေးတိုင်း ၈ မြို့၊ ချင်းပြည်နယ် ၈ မြို့၊ ကယားပြည်နယ် ၄ မြို့၊ ကရင်ပြည်နယ် ၅ မြို့တို့ပါဝင်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်နေ ကျောင်းသားမိဘတဦးက " အိမ်က သမီး ၂ ယောက်ဖြေထားတယ်၊ ဖြေတဲ့ ကျောင်းမှာရော အဓိက စာစစ်တဲ့ ကျောင်းမှာရော ကြည့်လို့ရတယ်လို့ ကျောင်းဘက်က ပြောတယ်၊ ဒီမှာဆို ထ ၁ မှာ ဖြေရင် စာစစ်ဌာနက ထ ၃၊ ထ ၁ မှာရော ထ ၃ မှာပါ ကြည့်လို့ ရတယ်၊ အောင်စာရင်း ကြိုကြည့်နေတဲ့ သူတွေလည်း ရှိတယ် " လို့ ဆိုပါတယ်။
အောင်စာရင်းတွေကို မြို့နယ်တွေရှိ စာစစ်ဌာနကျောင်းတွေမှာ ကြည့်လို့ ရမှာဖြစ်ပြီး မြန်မာစာစစ်ဦးစီးဌာနရဲ့ တရားဝင်ဝက်ဆိုက် www.myanmarexam.org မှာကြည့်လို့ ရမယ်လို့ သိရပါတယ်။
အောင်စာရင်းအတိအကျ မထွက်ခင်အချိန်က အောင်စာရင်း ကြိုသိရမယ်ဆိုပြီး စာစစ်ဌာနအတု အွန်လိုင်းစာမျက်နှာတွေကနေ ငွေကြေးလိမ်လည်မှုတွေ ရှိခဲ့ပြီး မြန်မာစာစစ်ဦးစီးဌာနက စာထုတ်ပြန် ရတာမျိုးအထိ ရှိခဲ့ပါတယ်။ အခုစာသင်နှစ်မှာတော့ ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။
၂၀၂၁-၂၀၂၂ မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၂၈၁၇၅၁ ဦး ရှိခဲ့ပြီး တနိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဖြစ်တယ်လို့ စာစစ်ဌာနက သတင်းထုတ်ပြန်ထားပြီး ၂၀၂၂-၂၀၂၃ မှာ စာမေးပွဲဖြေဆိုဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၇၉,၆၄၉ ဦး ရှိတယ်လို့ သိရပါတယ်။
စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေကတော့ စစ်ကောင်စီ ကျင်းပတဲ့ စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြခြင်း မရှိပါဘူး။










