DVB Logo
Home
မြန်မာသတင်း
ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမည်
DVB
·
July 5, 2014
ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမည်
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCနဲ့ ပြည်တွင်းဒီမိုကရေစီ အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောထားချမှတ်ချက် ၅ချက်နဲ့ သဘောထားထုတ်ပြန်ချက် ၆ချက် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

10313949_633538916753271_2232457808972083248_nတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအဲန်အေ)မှ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ၈၈ ငွေရတုကော်မတီနှင့် ၁၉၉၀ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ) စတဲ့ ပြည်တွင်း ဒီမိုကရေစီ အင်အားစု ၅ ဖွဲ့မှ ကိုယ်စားလှယ် ၄၂ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့အပြီး အခု သဘောထားချမှတ်ချက်နဲ့ သဘောထားထုတ်ပြန်ချက်တွေကို ရရှိခဲ့တာပါ။

ယူအန်အက်ဖ်စီ မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တချို့အဖွဲ့အစည်းတွေလာတာ ခွင့်ပြုမိန့် အပြည့်အ၀ မရတဲ့အတွက် (Agreement)အဆင့်ကို မလုပ်ပါနဲ့ သဘောထားချမှတ်ခြင်းဆိုတာကိုပဲ လုပ်ပါ။ တူညီသော သဘောထားကို ချမှတ်နိုင်သည် အဲဒါပဲ ကျနော်တို့ သုံးနိုင်ပါတယ်။ ဆုံးဖြတ်ချက်လို့ မသုံးဘူး။ ဆုံးဖြတ်ချက်က လိုက်လုပ်ရမယ့်အပိုင်းတွေရှိတယ်လေ။ အခုဟာက ပါတီကြီးတွေ ကျန်သွားတဲ့အခါကျတော့ သဘောထားချထားတာက ရှေ့တက်လို့ရတယ်။ နောက်ဆုတ်လို့ ရတယ်။ ဆွေးနွေးချက်တွေ အမြင်တူညီချက်တွေကတော့ အားကောင်းပါတယ်”လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှရရှိတဲ့ သဘောထားချမှတ်ချက်ထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာမှာ အချက် ၃ ချက် အခြေခံရမယ့် သဘောတူညီချက်များ၊ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် သဘောထားထုတ်ပြန်ချက်ထဲမှာတော့ မကြာမီ ကျင်းပတော့မယ့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့ရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပခြင်းကို ကြိုဆိုသလို တိကျတဲ့ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာစေရန်လည်း မျှော်လင့်ကြောင်း၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်၍ တိုင်းရင်းသား ခေါင်းဆောင်များ ညီညွတ်မှုကို အခြေခံပြီး တညီတညွတ်တည်းဆုံးဖြတ်ရန် ကြံပြုကြောင်းစတဲ့အချက်တွေပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ တက်ရောက်ဆွေးနွေးတဲ့ ဒေါ်နော်အုန်းလှက “ဒီလိုမျိုးဆွေးနွေးပွဲလုပ်တာ အရမ်းအကျိုးရှိပါတယ်။ ပြည်တွင်းနဲ့ နယ်စပ် လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးတာ ဘယ်လိုအချိန်မှ မရှိခဲ့ဘူး။ ဒီဆွေးနွေးပွဲက အမြတ်ပဲ။ ဒီဆွေးနွေးပွဲဟာ ကြိုဆိုတယ်။ ပြန်သွားလို့ရှိရင်လည်း ကိုယ့်အဖွဲ့အစည်းကိုပေါ့နော်။ ကျန်တဲ့ လက်လှမ်းမှီတာကိုလည်း ဒီလိုဆောင်ရွက်တာရှိခဲ့တယ်ဆိုတာ ပြန်ပြီးချပြမယ်။”

နှစ်ရက်ကြာကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲမှာ UNFC ဘက်မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ပဒိုမန်းမန်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာဂျာလ၊ ပဒိုစောဒေးဗစ်သကဘောတို့ တက်ရောက်ဆွေးနွေးခဲ့သလို ပြည်တွင်းဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ဦးစိုင်းညွန့်လွင်၊ ကိုမြင့်အောင်၊ ဦးဒေးဗစ်လှမြင့်၊ ဒေါက်တာကြည်မင်း၊ ဦးညီပုနဲ့ ကိုမျိုးထိုက် စတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013