DVB Logo
Home
မြန်မာသတင်း
အန်အယ်ဒီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ကျင်းပ
DVB
·
July 5, 2014
အန်အယ်ဒီရဲ့ ပထမဆုံးအကြိမ်  နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ကျင်းပ
Donate to DVB

နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီတွင်း လူငယ်ခေါင်းဆောင်သစ်တွေ ဖော်ထုတ်ဖို့ပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တာဝန်ခံတွေအနေနဲ့ ကိုယ်ယူတဲ့ တာဝန်နဲ့ ပတ်သတ်ပြီး မှန်မှန်ကန်ကန်လုပ်ဖို့လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်။ အဲဒီညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

v2အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က “လူငယ်ညီလာခံမှာ အရွေးခံပြီး တော့ တက်လာတဲ့ပုဂ္ဂိုလ်များဟာ စိတ်ထာအမျိုးမျိုးဖြစ်ပါလိမ့်မယ်။ ကိုယ့်စိတ်ထားကို ကိုယ်ပဲ သိကြမှာပေါ့။ တချို့က ကိုယ့်စိတ်ထားပေါ်မှာ ရှင်းရှင်းလင်းလင်း မသိကြပါဘူး။ နံပါတ် ၁ ဘာဖြစ်လို့ အမျိုးသမီးအဖွဲ့ချုပ်ထဲ ၀င်လာကြတာလဲ နိုင်ငံရေးကို စိတ်ပါဝင်စားလို့ ၀င်လာကြတာ လား။ အဖွဲ့ချုပ်ရဲ့မူဝါဒတွေကို ယုံကြည်လို့ဝင်လာကြတာလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငါတို့အတွက် နိုင်ငံရေးတက်လမ်းတခုဖြစ်မယ်ဆိုပြီးတော့ အဲလိုအမြင်နဲ့ ဝင်လာကြတာလား။ အပျော် ၀င်လာခဲ့ကြတာလား။ ဘေးက မိတ်ဆွေတွေဆွယ်လို့ မိတ်ဆွေတွေနဲ့အတူ လုပ်ချင်လို့ ဝင်လာကြတာလားဆိုတာ အာလုံး ကိုယ့်ကိုယ်ကိုယ် သိကြပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ဝင်လာပြီဆိုမှဖြစ်တော့ ကိုယ်ဝင်လာတဲ့နေရာ ကိုယ်ယူမယ့်တာဝန်နဲ့ ပတ်သတ်ပြီးတော့ ကိုယ်ဟာမှန်မှန်ကန်ကန်လုပ်ဖို့ အရေးကြီးပါတယ်။ အစတုန်းက ဝင်လာခဲ့တဲ့ ရည်ရွယ်ချက်က အကောင်းဆုံးလည်း ဖြစ်ချင်ဖြစ်မယ်။ အကောင်းဆုံးလည်း ဟုတ်ချင်မှ ဟုတ်မယ်။ တခုတော့ရှိတယ်။ ဒီလိုဆက်ပြီးလုပ်တဲ့နေရာမှာ ကိုယ်ကျိုးအတွက် လုပ်သွားချင်တယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်သိရင်တော့ စောစောစီးစီးအဖွဲ့ချုပ်ထဲက ထွက်သွားရင် ကောင်းမယ်လို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်”လို့ ပြောပါတယ်။

အခုညီလာခံမှာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့နဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းမှာဖြစ်ပြီး ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဟာ လူငယ်ရေးရာ အကြောင်းအရာတွေကို မူဝါဒချမှတ်မှာဖြစ်ပြီး ဗဟိုလုပ်ငန်းအဖွဲ့က အဲဒီမူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို တိုင်းနှင့်ပြည်နယ်တွေက လူငယ်ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ပြီး အမျိုးသမီးဦးရေ သုံးပုံတစ်ပုံခန့် ပါဝင်ပါတယ်။

လူငယ်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကြီး ကျင်းပတဲ့ရည်ရွယ်ချက်တွေဖြစ်တဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ ဖော်ထုတ် ဖို့၊ ဒီမျိုးဆက်သစ်ခေါင်းဆောင်တွေကမှ ပေါ်ထွက်လာတဲ့အခြေအနေအရ ကျနော်တို့ အဖွဲ့ချုပ်ကြီးရဲ့ မူဝါဒတွေ ရည်ရွယ်ချက်တွေ ရှေ့လုပ်ငန်းစဉ်တွေကော ဒီထက်မက အရှိန်အဟုန်နဲ့ ဖော်ဆောင်ရွက်နိုင်ဖို့၊ ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ နဲ့ ဒီညီလာခံကြီးကို ကျင်းပတာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံမှ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြားရှိ ပါတီဝင်လူငယ်တွေ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံပြီး မြို့နယ်အဆင့်မှာ လူငယ်ခေါင်းဆောင် ၄၅၀၀ ကျော်၊ ခရိုင်အဆင့်မှာ လူငယ်ခေါင်းဆောင် ၇၀၀ ကျော်၊ တိုင်းနဲ့ပြည်နယ်အဆင့်ဆင့်မှာ လူငယ်ခေါင်းဆောင် ၂၀၀ ကျော် တို့ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013