DVB Logo
Home
မြန်မာသတင်း
မန္တလေး ငြိမ်းချမ်းရေး ကော်မတီဖွဲ့ လုပ်ဆောင်
DVB
·
July 5, 2014
မန္တလေး ငြိမ်းချမ်းရေး ကော်မတီဖွဲ့ လုပ်ဆောင်
Donate to DVB

မန္တလေးမြို့ ငြိမ်းချမ်းရေးထိမ်းသိမ်းရေးကော်မတီတရပ်ကို မြို့မိမြို့ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံညီညွတ်ရေးအသင်းတွေနဲ့ စုပေါင်းဖွဲ့စည်းလိုက်ပြီး မြို့ခံလူထုထံ အသိပေး ကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။

10489683_727063897332113_3428379207425053083_nကော်မတီဝင် ရှေနေကြီး ဦးသိန်းသန်းဦးက ကော်မတီကို အရေးပေါ် ဖွဲ့စည်းလိုက်ရတဲ့အကြောင်း ခုလို ပြောပြပါတယ်။

“ကျနော်တို့ မန္တလေးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်ရှိတယ်။ နောက် မှိုင်းရာပြည့်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့ နောက်တခါ စိမ်းရောင်စိုတို့ မန္တလေးကတော့ မြို့ကျဉ်းတဲ့အခါကျတော့ လူမှုအဖွဲ့အစည်းအကုန်လုံးက တစုတစည်းထဲ ရှိတာပေါ့။ စဖြစ်တဲ့နေ့ကတည်းက ဒီဟာကို ကာကွယ်ဖို့အတွက် ပြင်ကြပါတယ်။ ဒါပေမယ့် မနေ့က ၄ ရက်နေ့ကတော့ အရေးတကြီးပိုဖြစ်လာတာက ဗုဒ္ဓဘာသာကလေး ကိုထွန်းထွန်း ကွယ်လွန်သွားရှာတာ သူ့ဈာပနပို့တော့ အဲဒီမတိုင်ခင်မှာ ဖြန့်ထားတဲ့ စာရွက်တွေလည်း ရှိတယ်။ ပြီးတော့ ကျုံးကိုလည်း တပတ်ပတ်သွားပြီးတော့ ကြာနီကန်အသွားမှာ လမ်းမှာ လူတွေ တုတ်တွေ ဓားတွေနဲ့ အများကြီး ပါလာတယ်လို့ ကြားရတဲ့အတွက် ဒီမှာ ဆရာတော်ကြီးတွေကို အရေးပေါ် လျှောက်တာ မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီဆိုပြီး ဖွဲ့လိုက်တယ်။ ချက်ချင်းပဲ အချိန်ဆိုင်းလို့ မရလို့ ကျနော်တို့ ဆရာတော်ကြီးတွေ အကုန်လုံးကို သွားလျှောက်ရပါတယ်။”

ကော်မတီက မြို့ခံလူထုထံ ထုတ်ပြန်လိုက်တဲ့ အသိပေးကြေညာချက်မှာ အချက် ၅ ချက်ပါ ရှိပြီး မန္တလေးမှာ လက်ရှိ ဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေ ပိုမဆိုးလာဖို့နဲ့ ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ ကောလာဟလတွေကို ချေဖျက်နိုင်ရေး သတင်းအမှန်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်နိုင်ရေး လုပ်ဆောင်ဖို့၊ သံသယနဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်ရင် အဖြစ်မှန်တွေ အများပြည်သူ သိအောင် လုပ်ဆောင်ဖို့ အမှုအခင်းများကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ မြို့လူထုရဲ့ ပေါင်းစည်းအားနဲ့ မန္တလေးရဲ့ ငြိမ်းချမ်း တည်ငြိမ် ချစ်ကြည်မှု အစဉ်အလာကောင်းတွေ ဆက်ထိမ်းဖို့ ရည်ရွယ် လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

မန္တလေးမြို့ ငြိမ်းချမ်းရေးကော်မတီဝင် နောက်တဦးဖြစ်တဲ့ ဦးစိုးဟိန်းကို မန္တလေးမြို့ရဲ့ လက်ရှိ အခြေအနေ မေးကြည့်တော့ သူက အခုလို ပြောပါတယ်။
“မနေ့ညနဲ့ ဒီနေ့မနက်အခြေအနေကတော့ အေးအေးချမ်းချမ်း ဖြစ်သွားပါပြီ။ ဘာလို့လဲ ဆိုတော့ မနေ့ညနေကတည်းက မန္တလေးထဲကို စစ်တပ်တွေလည်း ၀င်လာပြီဆိုတော့ မနေ့ညကတော့ ဘာသံမှ မကြားရဘူး။ ဒီနေ့မနက်ကျတော့လည်း တချို့ဆိုင်ခန်းတွေက မဖွင့်ရဲသေးဘူးပေါ့။ ဒီမှာ ကျီးလန့်စာစား ဖြစ်နေပြီးတော့ စိုးရိမ်ပူပန်မှုတွေ သံသယတွေတော့ အချင်းချင်းကြားထဲမှာ မပျောက်ပေးဘူး။ ကျနော်တို့ကော်မတီအနေနဲ့ကလည်း အဓိကလုပ်ချင်တာက ဒီသံသယတွေ စိုးရိမ်ပူပန်မှုတွေကို လျော့ချ နိုင်ဖို့ပေါ့။”

ဇူလိုင် ၂ ရက်နဲ့ ၃ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ရုန်းရင်းဆန်ခတ်မှုအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီး မြို့နယ် ၇ ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013