Home
မြန်မာသတင်း
မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများအတွက် စစ်ကောင်စီပေးသည့် သွပ်ပြားအဟောင်းများ အသုံးမဝင်
DVB
·
June 5, 2023
Rakhine cyclone victims

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ယိုးချောင်းဒေသ၊ ပန်းပဲချောင်ကျေးရွာအုပ်စုထဲက ပန်းပဲချောင်း၊ လမ်းပိုက်ခွင်၊ မီးရပ်ပြင်ကျေးရွာတွေကို စစ်ကောင်စီက ထောက်ပံ့ခဲ့တဲ့ သွပ်တွေဟာ အဟောင်းအစုတ်တွေဖြစ်နေလို့ အသုံးမဝင်ဘူးလို့ ရွာခံတွေက ဆိုပါတယ်။

ဇွန် ၂ ရက်က စစ်ကောင်စီက ထောက်ပံ့ရာမှာ ကျေးရွာတရွာကို သွပ်အချပ် ၅၀၊ ဆန် ၁၆ တင်း၊ ဆီတလီတာ ၁၀ ဘူး၊ ခေါက်ဆွဲခြောက် ၆ ဖာ၊ တာပေါ်လင်စတလိပ် အပါအဝင် အမျိုးသမီးလစဉ်သုံးတွေပါ ထောက်ပံ့ခဲ့ပါတယ်။

ပန်းပဲချောင်ကျေးရွာအုပ်စုထဲက ရွာတွေဟာ အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး ထောက်ပံ့ထားတဲ့ ပစ္စည်းတွေ မလောက်ငတာကြောင့် ၅ ပုံ ပုံပြီး မဲဖောက်ခွဲဝေပေးခဲ့ရပါတယ်။

မီးရပ်ပြင်ရွာခံတဦးက “ထောက်ပံ့တာတော့ ရပေမဲ့ အဆင်မပြေဘူး။ သွပ်တွေက အပေါက်တွေ အစုတ်တွေမလို့ သုံးမရဘူး။ ပစ္စည်းကလည်း အရမ်းနည်းလို့ မဲစနစ်နဲ့ပေးလိုက်ရလို့ ကျမတို့လည်း ဘာမှ မရခဲ့ဘူး” လို့ ပြောပါတယ်။

မီးရပ်ပြင်ရွာဟာ အိမ်ခြေ ၂၀၀ နီးပါးမှာ တရွာလုံးနီးပါး ပျက်စီးခဲ့ပြီး အိမ် ၅ လုံးသာ ကျန်ပါတယ်။ ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်းပါ ပျက်စီးခဲ့တာကြောင့် ကျောင်းနေအရွယ် ကလေး ၃၀၀ ကျော် အခုအချိန်ထိ ကျောင်းမတက်ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024