DVB Logo
Home
မြန်မာသတင်း
မန္တလေး ရုန်းရင်းဆန်ခတ်မှု ဖမ်းဆီးထိန်းသိမ်းထားသူ ၈ ဦးရှိ
DVB
·
July 5, 2014
မန္တလေး ရုန်းရင်းဆန်ခတ်မှု ဖမ်းဆီးထိန်းသိမ်းထားသူ ၈ ဦးရှိ
Donate to DVB

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုအတွက် ဖမ်းဆီးထိန်းသိမ်းထားသူ ၈ ဦးရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်စိုးက ပြောပါတယ်။

Mandalay Conflict02072014မန္တလေးမြို့မှာ ဇူလိုင် ၂ ရက်နေ့ညနဲ့ ၃ ရက်နေ့ မနက်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ဆက်စပ် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ စုစုပေါင်း ၈ ဦး ရှိတယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်စိုးက ပြောပါတယ်။
ဗိုလ်မှူးကြီး အောင်ကျော်စိုးက “မနေ့က ညပိုင်းလေးတွေမှာ မနေ့က ဖြစ်စဉ်မျိုးလေးတွေမှာ ဖမ်းထားတာနဲ့ ထိန်းသိမ်းထားတာ ၄ ယောက်လောက်ထပ်ရှိတယ်။ အဲဟိုတနေ့က ၄ ယောက်ဆိုတော့ ၈ ယောက်လောက် ရှိသွားပြီပေါ့နော်။ ထိန်းသိမ်းထားတာ။ သူတို့တွေနဲ့ ဆက်စပ်လို့ရော နောက်တခါ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ တရားခံတွေရော ဖော်ထုတ်နေပါတယ်။ ဒါတွေက ဘယ်လို ဖော်ထုတ်နေပါတယ်။ ဘယ်သူတွေလဲ ဆိုတာ ပြောမရတော့လေ။ တရားခံတွေအနေနဲ့လည်း သူတို့ဘာသာ သူတို့ သိလိမ့်မှာပါ”လို့ ပြောပါတယ်။

ဇူလိုင် ၃ ရက်နေ့မှာ ထိန်းသိမ်းခဲ့သူ ၄ ယောက်နဲ့ ဇူလိုင် ၄ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာဇံရပ်ကွက် ၂၇ လမ်းနဲ့ ၂၈ လမ်းကြား၊ ၈၁ နဲ့ ၈၂ လမ်းကြားမှာ ရှိတဲ့ ဂျွန်းဗလီအတွင်း တရားခံပြေး ၂ ဦး ခိုအောင်းနေတဲ့ သတင်းရရှိပြီး သွားရောက်ဖမ်းဆီးခဲ့ရာ နောက်ထပ် ၄ ဦး ဖမ်းမိခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားသူ ၈ ယောက် ရှိပြီ ပြောပါတယ်။

လက်ရှိ မန္တလေးမြို့မှာ နယ်မြေအေးချမ်းဖို့အတွက် နယ်မြေခံ ရဲတပ်ဖွဲ့နဲ့အတူ ရဲတပ်ရင်းတွေကိုပါ ပူးတွဲ ချထားကြောင်းလည်း ပြောပါတယ်။
ဗိုလ်မှူးကြီး အောင်ကျော်စိုးက “အခုက ရဲတပ်ရင်းကလည်း မြို့ထဲမှာ ရယ်ဒီ ရှိနေပြီ။ နယ်ရဲနဲ့ တချို့ ကိစ္စလေးတွေမှာ ထိန်းသိမ်းလို့ ရရင် အေးအေးချမ်းချမ်း ပြီးသွားမှာပေါ့။ နယ်ရဲနဲ့ ထိန်းသိမ်းလို့မရတဲ့ ကိစ္စမျိုးဖြစ်လာရင် ချက်ချင်း ရဲတပ်ရင်းက ကူမယ်။ အခုဆို နယ်ရဲနဲ့ ရဲတပ်ရင်းတွဲ တွဲပြီး ချထားပေးထားတယ်။ ဘာလို့လဲဆိုတော့ တချို့ဟာလေးတွေမှာ ချက်ချင်း အက်ရှင်ယူ ဆောင်ရွက်သွားဖို့အတွက်ပေါ့။ အဲလိုလေး ဆောင်ရွက်ပေးထားပါတယ်။ စိတ်မပူပါနဲ့ အေးချမ်းသွားမှာပါ”လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့က ပုဒ်မ ၁၄၄ ကို နောက်ထပ် တမြို့နယ် ထပ်တိုးလိုက်ပြီး အခုဆို မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၇ မြို့နယ်မှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ မနက် ၅ နာရီထိ သတ်မှတ်ထားပါတယ်။

မန္တလေးခရိုင် အထွေထွေဦးစီးဌာနက ထုတ်ပြန်တဲ့ ပုဒ်မ ၁၄၄ မှာ လူ ၅ ယောက်နဲ့ အထက် စုဝေးစီတန်း လမ်းလျှောက်တာ၊ လမ်းပေါ်မှာ အတားအဆီး ပြုလုပ်တာတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို နှောက်ယှက်ဟန့်တားတာကို မပြုလုပ်ဖို့ တားမြစ်ထားပြီး မလိုက်နာရင် အင်အားသုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူခြင်းခံရမယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ ညပိုင်းမှာတော့ မန္တလေးမြို့မှာ အေးအေးချမ်းချမ်း အခြေအနေ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013