DVB Logo
Home
Lead Story
တကမ္ဘာခြားသူများနဲ့ တခဏ
DVB
·
June 4, 2023
တကမ္ဘာခြားသူများနဲ့ တခဏ
Donate to DVB

(၁)

လူ​နေအ​ဆောင်နှစ်ခုကြား မြက်ခင်းက​လေးပေါ်မှာပါ။ နော်​ဝေလူမျိုး လူငယ် ၂၀ ခန့်နဲ့ ကျ​နော်တို့ ၄ ယောက် မျက်နှာချင်းဆိုင် ထိုင်​နေကြတာပါ။

မြက်ခင်းကလည်း စနစ်တကျရိတ်ထား၊ လေကလည်း သန့်ပြန့်လတ်ဆတ်​တော့ ကျ​နော်တို့အားလုံး လန်းဆန်း​နေကြရပါတယ်။

နော်​ဝေလူငယ်တွေက ဆန်ဗစ်ကာမြို့က​လေးနားက အထက်တန်း​ကျောင်းသား​လေး​တွေပါ။ အားလုံး အသက် ၁၈ နှစ်ထက်ကြီးတဲ့သူ မပါသ​လောက်ပါပဲ။ သူတို့က ထိုင်း-မြန်မာနယ်စပ်က မြန်မာလူမျိုးတချို့ ဒီမှာ ခဏ​ရောက်​နေတယ်ဆိုတာ ကြားလို့ စခန်းတာဝန်ခံဆီမှာ ​တောင်းဆိုပြီး ကျ​နော်တို့နဲ့ ခဏလာ​တွေ့ကြတာပါ။ ကျ​နော်တို့နဲ့ စကားစမြည်ပြောကြဖို့ မိတ်ဆက်ကြဖို့ ဖြစ်ပါတယ်။

ကျ​နော်တို့လူသိုက် စကားထိုင်​ပြော​နေကြတဲ့အချိန် စကား​ကောင်း​နေကြတဲ့အချိန် ကောင်းကင်ပေါ်မှာ ရောင်စုံ​လေယာဥ်ငယ် သုံး​လေးစင်းက တက်လာလိုက် ဝိုင်းပတ်​မောင်းလိုက် ဆင်းသွားလိုက် လုပ်​နေပါတယ်။ ခပ်မြင့်မြင့်က ပျံ​နေတာမို့ စက်သံ မကြားရသ​လောက်ပါပဲ။

နောက်မှသိရတာက အဲဒီ လှပတဲ့ ရောင်စုံခြယ်​လေယာဥ်​လေး​တွေက အသက် ၁၈ နှစ်ဝန်းကျင် လူငယ်​တွေ လေယာဥ်အ​မောင်းသင်​နေကြတာလို့ သိရပါတယ်။ လေယာဥ်အ​မောင်းသင် သင်တန်း​ကျောင်း ကျ​နော်တို့​နေတဲ့​နေရာနဲ့ သိပ်မ​ဝေးဘူးလို့ သိရပါတယ်။

အဲဒီနေ့က ကျ​နော်တို့စကားဝိုင်း​လေး နှစ်နာရီနီးပါးကြာမှ စကားဝိုင်း သိမ်းခဲ့ပါတယ်။ (၁၉၉၇)

(၂)

ပထမ​တော့ ကျ​နော်တို့က ကိုယ့်ကိုယ်ကိုယ် အနည်းငယ်စီ မိတ်ဆက်ကြပါတယ်။ တ​ယောက်က အဆို​တော်၊ တ​ယောက်က ကဗျာဆရာ၊ ကျန်နှစ်​ယောက်က မွန်တိုင်းရင်းသားတ​ယောက်နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်က ​ရောက်လာ​တဲ့ လက်နက်ကိုင် တော်လှန်​ရေးအဖွဲ့ဝင်တဦး။

ကျ​နော် သတိထားမိတာက လက်နက်ကိုင်​တော်လှန်​ရေးသမား​တွေ ဖြစ်တဲ့အ​ကြာင်း စကား​စပြောတဲ့အချိန် သူတို့အားလုံးရဲ့ မျက်လုံး​တွေက ပိုပြီး အာရုံစိုက်ကြတာ သတိထားမိပါတယ်။

သူတို့က ဒေါ်​အောင်ဆန်းစုကြည်အ​ကြောင်းကိုလည်း မေးပါတယ်။ အဆို​တော်က လက်နက်ကိုင်​တော်လှန်​ရေးသမား ဖြစ်လာရတာ၊ ကဗျာဆရာတ​ယောက်က လက်နက်ကိုင်​တော်လှန်​ရေးသမား ဖြစ်လာရတာ၊ တိုင်းရင်းသား​တွေက လက်နက်ကိုင် တော်လှန်​ရေး လုပ်ကြတာ၊ ကျ​နော်တို့ သိသ​လောက် ရှင်းပြရပါတယ်။ သူတို့ကလည်း သေ​သေချာချာ နား​ထောင်ကြပါတယ်။ တော်​တော်​လေးလည်း စိတ်ဝင်စားကြပါတယ်။

သူတို့နဲ့စကား​ပြောရင်းက သူတို့ဆီကလည်း စိတ်ဝင်စားဖွယ် အချက်အလက်တချို့ စပ်မိစပ်ရာ ပြောရင်း ကြားလိုက်ကြရပါတယ်။ ဥပမာ နော်​ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်က လောင်စာဆီ ​ချွေတာ​ရေး​နေ့​တွေမှာ အများပြည်သူစီး ဘတ်စ်ကားနဲ့ပဲ အ​စောင့်အ​ရှောက်မပါ ရုံးတက်တဲ့အ​ကြောင်း၊ အကျဥ်း​ထောင်ထဲက အကျဥ်းသား​တွေဟာ စည်းကမ်းလိုက်နာမှုအရ မိသားစုထံ လွတ်လပ်စွာ အိမ်ပြန်လည်ခွင့်ရှိ​ကြောင်း၊ နော်​ဝေနိုင်ငံရဲ့ နိုင်ငံခြားသား ခရီးသည်များ​ကြောင့် ဝင်​ငွေအများဆုံး ရရှိ​စေတဲ့ ကိုယ်တုံးလုံး​ကျောက်ရုပ်ပန်းခြံ ကြေးနဲ့​ ကျောက်ရုပ်တု ၂၀၀ ကို ပန်းပုဆရာ ဂုစတပ် ဗီဂီလန်း တဦးတည်းက နှစ် ၂၀ တိတိ အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ အချိန်ယူ ထုလုပ်ခဲ့တာဖြစ်​ကြောင်း၊ ရာဇဝတ်မှု​တွေ နည်းပါးသွားလို့ တချို့အကျဥ်း​ထောင်​တွေ ပိတ်ရသိမ်းရတဲ့အ​ကြောင်း… အစရှိတဲ့ ဗဟုသုတတချို့ သူတို့ဆီက ကြားကြရပါတယ်။ ဒီအချက်အလက်​တွေက ခေါင်းစဥ်တခု သတ်မှတ်ပြီး အဲဒီ​ခေါင်းစဥ်​အောက်က ပြောကြဆိုကြတာ မဟုတ်ပါဘူး။ သည်အတိုင်း အလွတ်သ​ဘော ငယ်ရွယ်တဲ့ က​လေး​တွေနဲ့ စပ်မိစပ်ရာ ​ပြောကြရာက သိလိုက်ရတဲ့ အချက်​တွေပါပဲ။

ကျ​နော်တို့က စကား​ကောင်း​နေစဥ် ကောင်းကင်​ပေါ် ခဏခဏတက်လာလိုက် ဝေ့ဝဲလှည့်ပတ်ရင်း နိမ့်ဆင်းလာလိုက် ပြန်တက်သွားလိုက် လုပ်​နေတဲ့ ရောင်စုံခြယ် တ​ယောက်စီး ​လေယာဥ်ငယ်​တွေကို ကျ​နော်တို့ တချိန်လုံး တွေ့​နေကြရတာပါ။ အဲဒီ​လေယာဥ်ပျံ​လေး​တွေကို ကျ​နော်တို့​ရှေ့မှာ ထိုင်​နေတဲ့ လူငယ်​လေး​တွေအရွယ် အ​မောင်းသင်လူငယ်​တွေ ဖြစ်တယ်ဆိုတာ ကြားရပြန်​တော့ ကျ​နော့်မှာ တအံ့တဩနဲ့ သ​ဘောကျခဲ့ရပါတယ်။

(၃) 

နော်​ဝေလူငယ်တစုနဲ့ အလွတ်သ​ဘော စကား​ပြောခဲ့ရတာကို ကျ​နော်တို့ သ​ဘောကျခဲ့ပါတယ်။

သူတို့အရွယ်နဲ့ လိုက်ဖက်တဲ့ အချက်အလက်တချို့ ကြားခဲ့ရလို့လည်း ‌ေကျနပ်ပါတယ်။ ယဥ်​ကျေးပြီး လွတ်လပ်တက်ကြွ ဖျတ်လတ်ကြတဲ့ သူတို့ကိုကြည့်ပြီး ကိုယ့်နိုင်ငံက လူငယ်​တွေနဲ့ နှိုင်းယှဥ်ပြီး စိတ်မ​ကောင်းဖြစ်ရပါတယ်။

ကျ​နော်တို့စကားဝိုင်းမှာ မှတ်မှတ်ရရဖြစ်စရာ စကားအ​ချေအတင်​လေးတခု​တော့ ရှိပါတယ်။ အ​ချေအတင်ဆိုတာထက် အပြန်အလှန် ထပ်ကာတလဲလဲ ပြောရတဲ့သ​ဘောပါ။

စကားဝိုင်းအစမှာ ကျ​နော်တို့က လက်နက်ကိုင်​တော်လှန်​ရေးသမား​တွေ ဖြစ်လာကြရတဲ့ ကျ​နော်တို့အ​ကြောင်း မိတ်ဆက်စကား​ပြောခဲ့တာကို မူတည်ပြီး သူတို့နဲ့ကျ​နော်တို့ အပြန်အလှန် ရှင်းပြရ ငြင်းခုံကြရတဲ့ ကိစ္စပါ။

သူတို့က လက်နက်ကိုင်ပြီး ပြဿနာ​ဖြေရှင်းတာ မ​ကောင်းဘူး၊ မှန်ကန်တဲ့​ ဖြေရှင်းနည်း မဟုတ်ဘူးလို့ ထပ်ကာတလဲလဲ ကျ​နော်တို့ကို ပြောပါတယ်။ မ​ကောင်းရင် မမှန်ဘူးထင်ရင် အစိုးရကို ပြန်​ပြောပြရမယ်၊ လက်နက်ကိုင်ပြီး​ပြောတာ မ​ကောင်းဘူး မှားတယ်၊ အဲသလို အစိုးရမျိုးကို ရွေး​ကောက်ပွဲနည်းနဲ့ ဖယ်ရှားရမယ်… ဆိုပြီး ထောက်ပြကြပါတယ်။ လက်နက်နဲ့​ပြောတာ လူယဥ်​ကျေး​တွေရဲ့အလုပ် မဟုတ်ဘူး… ဆိုတဲ့အထိ ပြောကြပါတယ်။ ကျ​နော်တို့က လက်နက်မကိုင်ရင် ဘယ်နည်းနဲ့မှ မဖြစ်​တော့တာကို သက်​သေသက္ကာယ အချက်အလက်​တွေနဲ့ ရှင်းပြကြပါတယ်။ သူတို့ကလည်း ပြောပါများတာလည်း ပါ၊ ငြင်းချက်ကလည်း မထုတ်နိုင်​တော့ မင်းတို့ကို ငါတို့ နား​တော့လည်ပါတယ်၊ ဒါ​ပေမဲ့ လက်နက်ကိုင်ပြီး ​ဖြေရှင်းတာဟာ ကောင်းတဲ့အလုပ် မဟုတ်ဘူးဆိုတဲ့ စကားနဲ့ နိဂုံးချုပ်တာချည်းပါပဲ။ ကျ​နော်တို့ကလည်း ကျ​နော်တို့နိုင်ငံ အစိုးရများရဲ့ အ​နေအထား၊ ရွေးကောက်ပွဲများရဲ့ ရှုပ်​ထွေးအားနည်းမှု၊ မတရားမှု​တွေကို အကြိမ်ကြိမ် ရှင်းပြကြပါတယ်။ ဒါ​ပေမဲ့လည်း ဒီ လက်နက်ကိုင်​တော်လှန်​ရေးစကား ပြောတဲ့အခိုက် သူတို့မျက်နှာ​တွေ​ပေါ်မှာ စိတ်မ​ကောင်းခြင်း အရိပ်အ​ယောင်​တွေ အမြဲတွေ့​နေရပါတယ်။

နောက်ဆုံး​တော့ သူတို့ကလည်း ကျ​နော်တို့ကို လေ​ပြည်ထိုးပါတယ်။ ကျ​နော်တို့ရဲ့ဘဝ ကျ​နော်တို့ရဲ့ အကျပ်အတည်း သူတို့နားလည်ပါ​ကြောင်း၊ ဘာ့​ကြောင့် လက်နက်ကိုင်ကြရတယ် ဆိုတာ သိရလို့ စိတ်မ​ကောင်း​ကြောင်း.... သို့​သော် လက်နက်ကိုင်​ဖြေရှင်းတဲ့နည်းဟာ မ​ကောင်းကြောင်း မှား​ကြောင်း ​ပြောရင်း ကျ​နော်တို့စကားဝိုင်း​လေး နိဂုံးချုပ်လိုက်ပါတယ်။

သူတို့လူစု ပြန်ကြဖို့ အသီးသီး ကား​ပေါ်တက်ကြပါပြီ။ အဲဒီအခိုက်မှာပဲ ကား​ပေါ်​ရောက်​နေပြီဖြစ်တဲ့ လူငယ်တ​ယောက်က ပြတင်း​ပေါက်က ခေါင်းပြူပြီး ကျ​နော်တို့ကို အခုလို လှမ်း​အော် နှုတ်ဆက်ပါ​သေးတယ်။

“ဟေး လက်နက်မကိုင်ဘဲ ​ဖြေရှင်းတဲ့နည်းလမ်း ရှာ​တွေ့နိုင်ကြပါ​စေ၊ အားလုံးကို နှုတ်ဆက်ပါတယ်”။       ။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013