
(၁)
လူနေအဆောင်နှစ်ခုကြား မြက်ခင်းကလေးပေါ်မှာပါ။ နော်ဝေလူမျိုး လူငယ် ၂၀ ခန့်နဲ့ ကျနော်တို့ ၄ ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတာပါ။
မြက်ခင်းကလည်း စနစ်တကျရိတ်ထား၊ လေကလည်း သန့်ပြန့်လတ်ဆတ်တော့ ကျနော်တို့အားလုံး လန်းဆန်းနေကြရပါတယ်။
နော်ဝေလူငယ်တွေက ဆန်ဗစ်ကာမြို့ကလေးနားက အထက်တန်းကျောင်းသားလေးတွေပါ။ အားလုံး အသက် ၁၈ နှစ်ထက်ကြီးတဲ့သူ မပါသလောက်ပါပဲ။ သူတို့က ထိုင်း-မြန်မာနယ်စပ်က မြန်မာလူမျိုးတချို့ ဒီမှာ ခဏရောက်နေတယ်ဆိုတာ ကြားလို့ စခန်းတာဝန်ခံဆီမှာ တောင်းဆိုပြီး ကျနော်တို့နဲ့ ခဏလာတွေ့ကြတာပါ။ ကျနော်တို့နဲ့ စကားစမြည်ပြောကြဖို့ မိတ်ဆက်ကြဖို့ ဖြစ်ပါတယ်။
ကျနော်တို့လူသိုက် စကားထိုင်ပြောနေကြတဲ့အချိန် စကားကောင်းနေကြတဲ့အချိန် ကောင်းကင်ပေါ်မှာ ရောင်စုံလေယာဥ်ငယ် သုံးလေးစင်းက တက်လာလိုက် ဝိုင်းပတ်မောင်းလိုက် ဆင်းသွားလိုက် လုပ်နေပါတယ်။ ခပ်မြင့်မြင့်က ပျံနေတာမို့ စက်သံ မကြားရသလောက်ပါပဲ။
နောက်မှသိရတာက အဲဒီ လှပတဲ့ ရောင်စုံခြယ်လေယာဥ်လေးတွေက အသက် ၁၈ နှစ်ဝန်းကျင် လူငယ်တွေ လေယာဥ်အမောင်းသင်နေကြတာလို့ သိရပါတယ်။ လေယာဥ်အမောင်းသင် သင်တန်းကျောင်း ကျနော်တို့နေတဲ့နေရာနဲ့ သိပ်မဝေးဘူးလို့ သိရပါတယ်။
အဲဒီနေ့က ကျနော်တို့စကားဝိုင်းလေး နှစ်နာရီနီးပါးကြာမှ စကားဝိုင်း သိမ်းခဲ့ပါတယ်။ (၁၉၉၇)
(၂)
ပထမတော့ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် အနည်းငယ်စီ မိတ်ဆက်ကြပါတယ်။ တယောက်က အဆိုတော်၊ တယောက်က ကဗျာဆရာ၊ ကျန်နှစ်ယောက်က မွန်တိုင်းရင်းသားတယောက်နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်က ရောက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဝင်တဦး။
ကျနော် သတိထားမိတာက လက်နက်ကိုင်တော်လှန်ရေးသမားတွေ ဖြစ်တဲ့အကြာင်း စကားစပြောတဲ့အချိန် သူတို့အားလုံးရဲ့ မျက်လုံးတွေက ပိုပြီး အာရုံစိုက်ကြတာ သတိထားမိပါတယ်။
သူတို့က ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း မေးပါတယ်။ အဆိုတော်က လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်လာရတာ၊ ကဗျာဆရာတယောက်က လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်လာရတာ၊ တိုင်းရင်းသားတွေက လက်နက်ကိုင် တော်လှန်ရေး လုပ်ကြတာ၊ ကျနော်တို့ သိသလောက် ရှင်းပြရပါတယ်။ သူတို့ကလည်း သေသေချာချာ နားထောင်ကြပါတယ်။ တော်တော်လေးလည်း စိတ်ဝင်စားကြပါတယ်။
သူတို့နဲ့စကားပြောရင်းက သူတို့ဆီကလည်း စိတ်ဝင်စားဖွယ် အချက်အလက်တချို့ စပ်မိစပ်ရာ ပြောရင်း ကြားလိုက်ကြရပါတယ်။ ဥပမာ နော်ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်က လောင်စာဆီ ချွေတာရေးနေ့တွေမှာ အများပြည်သူစီး ဘတ်စ်ကားနဲ့ပဲ အစောင့်အရှောက်မပါ ရုံးတက်တဲ့အကြောင်း၊ အကျဥ်းထောင်ထဲက အကျဥ်းသားတွေဟာ စည်းကမ်းလိုက်နာမှုအရ မိသားစုထံ လွတ်လပ်စွာ အိမ်ပြန်လည်ခွင့်ရှိကြောင်း၊ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားသား ခရီးသည်များကြောင့် ဝင်ငွေအများဆုံး ရရှိစေတဲ့ ကိုယ်တုံးလုံးကျောက်ရုပ်ပန်းခြံ ကြေးနဲ့ ကျောက်ရုပ်တု ၂၀၀ ကို ပန်းပုဆရာ ဂုစတပ် ဗီဂီလန်း တဦးတည်းက နှစ် ၂၀ တိတိ အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ အချိန်ယူ ထုလုပ်ခဲ့တာဖြစ်ကြောင်း၊ ရာဇဝတ်မှုတွေ နည်းပါးသွားလို့ တချို့အကျဥ်းထောင်တွေ ပိတ်ရသိမ်းရတဲ့အကြောင်း… အစရှိတဲ့ ဗဟုသုတတချို့ သူတို့ဆီက ကြားကြရပါတယ်။ ဒီအချက်အလက်တွေက ခေါင်းစဥ်တခု သတ်မှတ်ပြီး အဲဒီခေါင်းစဥ်အောက်က ပြောကြဆိုကြတာ မဟုတ်ပါဘူး။ သည်အတိုင်း အလွတ်သဘော ငယ်ရွယ်တဲ့ ကလေးတွေနဲ့ စပ်မိစပ်ရာ ပြောကြရာက သိလိုက်ရတဲ့ အချက်တွေပါပဲ။
ကျနော်တို့က စကားကောင်းနေစဥ် ကောင်းကင်ပေါ် ခဏခဏတက်လာလိုက် ဝေ့ဝဲလှည့်ပတ်ရင်း နိမ့်ဆင်းလာလိုက် ပြန်တက်သွားလိုက် လုပ်နေတဲ့ ရောင်စုံခြယ် တယောက်စီး လေယာဥ်ငယ်တွေကို ကျနော်တို့ တချိန်လုံး တွေ့နေကြရတာပါ။ အဲဒီလေယာဥ်ပျံလေးတွေကို ကျနော်တို့ရှေ့မှာ ထိုင်နေတဲ့ လူငယ်လေးတွေအရွယ် အမောင်းသင်လူငယ်တွေ ဖြစ်တယ်ဆိုတာ ကြားရပြန်တော့ ကျနော့်မှာ တအံ့တဩနဲ့ သဘောကျခဲ့ရပါတယ်။
(၃)
နော်ဝေလူငယ်တစုနဲ့ အလွတ်သဘော စကားပြောခဲ့ရတာကို ကျနော်တို့ သဘောကျခဲ့ပါတယ်။
သူတို့အရွယ်နဲ့ လိုက်ဖက်တဲ့ အချက်အလက်တချို့ ကြားခဲ့ရလို့လည်း ေကျနပ်ပါတယ်။ ယဥ်ကျေးပြီး လွတ်လပ်တက်ကြွ ဖျတ်လတ်ကြတဲ့ သူတို့ကိုကြည့်ပြီး ကိုယ့်နိုင်ငံက လူငယ်တွေနဲ့ နှိုင်းယှဥ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။
ကျနော်တို့စကားဝိုင်းမှာ မှတ်မှတ်ရရဖြစ်စရာ စကားအချေအတင်လေးတခုတော့ ရှိပါတယ်။ အချေအတင်ဆိုတာထက် အပြန်အလှန် ထပ်ကာတလဲလဲ ပြောရတဲ့သဘောပါ။
စကားဝိုင်းအစမှာ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးသမားတွေ ဖြစ်လာကြရတဲ့ ကျနော်တို့အကြောင်း မိတ်ဆက်စကားပြောခဲ့တာကို မူတည်ပြီး သူတို့နဲ့ကျနော်တို့ အပြန်အလှန် ရှင်းပြရ ငြင်းခုံကြရတဲ့ ကိစ္စပါ။
သူတို့က လက်နက်ကိုင်ပြီး ပြဿနာဖြေရှင်းတာ မကောင်းဘူး၊ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးလို့ ထပ်ကာတလဲလဲ ကျနော်တို့ကို ပြောပါတယ်။ မကောင်းရင် မမှန်ဘူးထင်ရင် အစိုးရကို ပြန်ပြောပြရမယ်၊ လက်နက်ကိုင်ပြီးပြောတာ မကောင်းဘူး မှားတယ်၊ အဲသလို အစိုးရမျိုးကို ရွေးကောက်ပွဲနည်းနဲ့ ဖယ်ရှားရမယ်… ဆိုပြီး ထောက်ပြကြပါတယ်။ လက်နက်နဲ့ပြောတာ လူယဥ်ကျေးတွေရဲ့အလုပ် မဟုတ်ဘူး… ဆိုတဲ့အထိ ပြောကြပါတယ်။ ကျနော်တို့က လက်နက်မကိုင်ရင် ဘယ်နည်းနဲ့မှ မဖြစ်တော့တာကို သက်သေသက္ကာယ အချက်အလက်တွေနဲ့ ရှင်းပြကြပါတယ်။ သူတို့ကလည်း ပြောပါများတာလည်း ပါ၊ ငြင်းချက်ကလည်း မထုတ်နိုင်တော့ မင်းတို့ကို ငါတို့ နားတော့လည်ပါတယ်၊ ဒါပေမဲ့ လက်နက်ကိုင်ပြီး ဖြေရှင်းတာဟာ ကောင်းတဲ့အလုပ် မဟုတ်ဘူးဆိုတဲ့ စကားနဲ့ နိဂုံးချုပ်တာချည်းပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့နိုင်ငံ အစိုးရများရဲ့ အနေအထား၊ ရွေးကောက်ပွဲများရဲ့ ရှုပ်ထွေးအားနည်းမှု၊ မတရားမှုတွေကို အကြိမ်ကြိမ် ရှင်းပြကြပါတယ်။ ဒါပေမဲ့လည်း ဒီ လက်နက်ကိုင်တော်လှန်ရေးစကား ပြောတဲ့အခိုက် သူတို့မျက်နှာတွေပေါ်မှာ စိတ်မကောင်းခြင်း အရိပ်အယောင်တွေ အမြဲတွေ့နေရပါတယ်။
နောက်ဆုံးတော့ သူတို့ကလည်း ကျနော်တို့ကို လေပြည်ထိုးပါတယ်။ ကျနော်တို့ရဲ့ဘဝ ကျနော်တို့ရဲ့ အကျပ်အတည်း သူတို့နားလည်ပါကြောင်း၊ ဘာ့ကြောင့် လက်နက်ကိုင်ကြရတယ် ဆိုတာ သိရလို့ စိတ်မကောင်းကြောင်း.... သို့သော် လက်နက်ကိုင်ဖြေရှင်းတဲ့နည်းဟာ မကောင်းကြောင်း မှားကြောင်း ပြောရင်း ကျနော်တို့စကားဝိုင်းလေး နိဂုံးချုပ်လိုက်ပါတယ်။
သူတို့လူစု ပြန်ကြဖို့ အသီးသီး ကားပေါ်တက်ကြပါပြီ။ အဲဒီအခိုက်မှာပဲ ကားပေါ်ရောက်နေပြီဖြစ်တဲ့ လူငယ်တယောက်က ပြတင်းပေါက်က ခေါင်းပြူပြီး ကျနော်တို့ကို အခုလို လှမ်းအော် နှုတ်ဆက်ပါသေးတယ်။
“ဟေး လက်နက်မကိုင်ဘဲ ဖြေရှင်းတဲ့နည်းလမ်း ရှာတွေ့နိုင်ကြပါစေ၊ အားလုံးကို နှုတ်ဆက်ပါတယ်”။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)











