
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုခါမုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် ကူးစက်ရောဂါတွေ မဖြစ်ပွားရအောင် ကျန်းမာရေးဌာနက သောက်သုံးရေကန်တွေကို ကလိုရင်းဆေးတွေ လိုက်ဖြန်း ပေးနေသလို ပရဟိတအဖွဲ့တွေနဲ့ အေအေတပ်ဖွဲ့ဝင်တွေကလည်း ဆားငန်ရေ ဝင်ရောက်သွားတဲ့ ရေကန်တွေကို ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ပေးနေတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် သောက်သုံးရေကန်တွေကနေ တဆင့် ဝမ်းပျက် ဝမ်းလျှောရောဂါတွေနဲ့ ကူးစက်ရောဂါတွေမဖြစ်ပွားရအောင် သောက်သုံးရေကန်တွေကို ကလိုရင်းဆေးတွေ လိုက်ဖြန်းပေးနေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကျနော်တို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့ပေါ် ၄ ရပ်ကွက်အပါအဝင် ကျေးရွာအရေအတွက် ၁၉၀ လောက်ရှိတဲ့အနက် သောက်သုံးရေကန်တွေကို ၈၀ ရာခိုင်နှုန်းလောက် ဆေးတွေ လိုက်လံဖြန်းပေးထားပြီး ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိဘဲ ပုံမှန်အတိုင်းပါပဲ။ ဆားငန်ရေဝင်ရောက်သွားတဲ့ သောက်သုံးရေကန်တွေကိုတော့ ရေစုပ်ပန့်တွေနဲ့ စုပ်ထုတ်ကာ မိုးရေရရှိအောင် စောင့်ကြရမှာပါ။ ဆားငန်ရေဝင်ရောက်ထားတဲ့ ရေတွေက ဝမ်းပျက် ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ မုန်တိုင်းဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကျေးရွာတွေကို နေ့စဥ်ကွင်းဆင်းပြီး ရွာမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေပူးပေါင်းကာ ဆေးခန်းတွေဖွင့်လှစ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်တာတွေ ပြုလုပ်နေကြသလို ကျန်းမာရေး အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတွေ ဖြစ်ပွားလာနိုင်လို့ ပြည်သူတွေအနေနဲ့ ခြင်ထောင်တွေနဲ့ အိပ်ကြဖို့နဲ့ ကိုယ့်ဒေသအတွင်းမှာ ထူးခြားတဲ့ ကူစက်ရောဂါ ဖြစ်ပွားလာရင်လည်း ကျန်းမာရေးဌာနကို အမြန်ဆုံး သတင်းပေးပို့ကြဖို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။
စဥ့်ပင်ရင်းရွာ ဒေသခံတယောက်ဖြစ်တဲ့ ကိုမောင်သန်းလှိုင်က “ စဥ်ပင်ရင်း(ဇိတ်ပင်ရင်း) ကျေးရွာမှာ သောက်သုံးရေကန်တွေကို ဆားငန်ရေတွေဝင်ရောက်သွားလို့ အခက်ခဲဖြစ်နေတဲ့ အတွက် စစ်တွေမြို့က ဝေဟင်အောင်ပရဟိတအဖွဲ့နဲ့ ချိတ်ဆက်ပြီး ရေစုပ်စက်တွေ၊ ပန့်တွေသွားယူပြီး ဆားငန်ရေတွေကို စုပ်ထုတ်တာတွေ လုပ်ဆောင်နေတယ်”လို့ ပြောပါတယ်။
ရေကန်ထဲက ဆားငန်ရေတွေကို အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ တကြိမ်စုပ်ထုတ်ရင် ကျပ် ၁ သိန်းခွဲ ကျပ်လောက်ကုန်ကျပြီး ၃ ကြိမ် စုပ်ထုတ်ခဲ့ရကာ နောက်ထပ်လည်း အဲဒီစက်တွေကို ဝေဟင်အောင်ပရဟိတအဖွဲ့နဲ့ ချိတ်ဆက်ကာ တခြားကျေးရွာတွေကို လက်ဆင့်ကမ်းပြီး ဆားငန်ရေဝင်ရောက်ခဲ့တဲ့ ရေကန်တွေကို သန့်ရှင်းရေးပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
ရက္ခိုင်တပ်တော် လည်း ဆားငန်ရေဝင်ရောက်ခဲ့တဲ့ သောက်သုံးရေကန်တွေကို ရေစုပ်စက်တွေနဲ့ သန့်ရှင်းရေး ပြုလုပ်ပေးနေတာတွေ့ရသလို ကျန်းမာရေးဌာနကလည်း သောက်သုံးရေကန်တွေကို ဆေးတွေလိုက်ဖြန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာတွေ့ရတယ်လို့ ကိုမောင်သန်းလှိုင်က ပြောပါတယ်။
အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်းချေ၊ မက္ကလာကျနဲ့ ကုလားချောင်းကျေးရွာတွေက သောက်သုံး ရေကန်တွေကိုလည်း ဆားငန်ရေတွေဝင်ရောက်ခဲ့လို့ အဲဒီရေကန်တွေကို ရေစုပ်စက်တွေနဲ့ ပြန်စုပ်ထုတ်နေကြရတယ်လို့ ဆိုပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့အတူ ပင်လယ်ဒီရေလှိုင်းတွေ မြင့်တက်လာလို့ သောက်သုံးရေကန်တွေကို ရေငန်တွေဝင်သွားတာကြောင့် မုန်တိုင်းဒဏ်ကြောင့်နေအိမ်တွေ ပျက်စီးကာ ကျွဲနွားတိရိစ္ဆာန်တွေ သေဆုံးတဲ့အပြင် သောက်စရာ၊ သုံးစရာ ရေမရှိတဲ့ အခြေနေမျိုးကိုရောက်သွားတယ်လို့ ဝေဟင်အောင်ပရဟိတအဖွဲ့ရဲ့ ဦးဆောင်သူ ကိုဝေဟင်အောင်က ပြောပါတယ်။
နဂိုက အဲဒီရေကန်တွေဟာ ရေချိုရေကန်တွေဖြစ်ပြီး ရေငန်တွေဝင်သွားတော့ ကန်ထဲမှာရှိတဲ့ ရေချိုငါးတွေသေဆုံးပြီး အပုပ်နံ့တွေထွက်ကာ မိုးမရွာမှီအချိန်အတောတွင်းမှာ စောစောစီး စီးမသန့်ရှင်းလိုက်နိုင်ရင် နောက်ဆက်တွဲအန္တရာယ်တွေ များပြားတာကြောင့် အရေးတကြီးကိစ္စတခု လို့မြင်တဲ့အတွက် ကူညီဆောင်ရွက်ပေးနေတာလို့ဆိုပါတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့နယ်ပြည်သူ့ဆေးရုံတခု၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခုနဲ့ ကျန်းမာရေးဌာနခွဲ ၂၆ ခုရှိပြီး မိုခါမုန်တိုင်းတိုက်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတဲ့အပြင် ကူးစက်ရောဂါတွေ မဖြစ်ပွားအောင် ကျန်းမာရေးအသိပညာပေးတာ တွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။










