
ခရိုအေးရှားနိုင်ငံအနောက်မြောက်ပိုင်း အစ္စထရီးယားဒေသ၊ အေဒရီယာ့တစ် ပင်လယ်ကမ်းခြေ မြို့ကလေးဖြစ်တဲ့ မီဒူလင်အနီးမှာ ဇွန် ၄ ရက်က လေယာဉ်ငယ်တစင်း ပျက်ကျလို့ လူအတော် များများ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းအေဂျင်စီ ဟီနာ့က ဖော်ပြ ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်သမားတွေ ရောက်ရှိနေကြတယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း ဟီနာ့သတင်းမှာ ဖော်ပြထားပါတယ်။
တရားဝင်မဟုတ်တဲ့ သတင်းတွေအရ သေဆုံးသူ ၄ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိထားပြီး နောက်ထပ် ပျောက်ဆုံးနေသူ ၂ ယောက်ကိုလည်း ကယ်ဆယ်ရေးသမားတွေက လိုက်လံရှာဖွေ နေတယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အစ္စထရီးယား ရဲတပ်ဖွဲ့ဘက်ကို ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။ အင်းဒက်စ် သတင်းဝက်ဘ်ဆိုက်ရဲ့ အဆိုအရ အဲဒီလေယာဉ်ဟာ ဂျာမနီနိုင်ငံကနေ ပျံသန်းလာတာ ဖြစ်ပါတယ်။
Source: Reuters











