DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကလေးပြန်ပေးဆွဲသည့် အမျိုးသမီးကို ထောင်ဒဏ်  ၇  နှစ်ချမှတ်
DVB
·
June 3, 2023
မန္တလေးတွင် ကလေးပြန်ပေးဆွဲသည့် အမျိုးသမီးကို ထောင်ဒဏ်  ၇  နှစ်ချမှတ်
Donate to DVB

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တရားရုံးက ၅ နှစ်အရွယ် ယောကျ်ားလေးတဦးကို ပြန်ပေးဆွဲခိုးယူခဲ့တဲ့ အမျိုးသမီးတဦးအား မေ ၃၁ ရက်မှာ ရာဇသတ်ကြီး ဥပ‌ဒေပုဒ်မ ၃၆၃ အရ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ဟာ အသက် ၅ နှစ် ၄ လအရွယ်ရှိ မောင်ဇွဲဝေယံထွန်း ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်၊ ‌‌ညနေ ၂ နာရီ ၄၅ မိနစ်ခန့်က  ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁လမ်းနဲ့ (၃၀×၃၁) လမ်းကြားရှိ အဘိုးအဘွားတွေရဲ့ နေအိမ်မှာ ပျောက်ဆုံးခဲ့တာပါ။ 

မိသားစုဝင်တဦးက "အဲ့ဒီနေ့က အဖေတို့ဆီကို မနက် ၅ နာရီလောက်မှာ ဒီအမျိုးသမီးရဲ့ ယောကျ်ားက ဖုန်းဆက်ခေါ်တာ၊  လမ်းထိပ်ကို လာခဲ့လို့ ရမလား လှမ်းခေါ်တာ။ ဒီရက်ပိုင်းမှာ သူ့အမျိုးသမီး မူမမှန်ဘူး၊ နတ်ကြောင်တာတို့ ဓာတ်ကြောင်တာတို့ ဖြစ်နေတယ်၊ အပေါ်ဆုံးထပ်မှာ သူ့အမျိုးသမီးက ထပ်ခိုးသဘောမျိုး အဖီဆွဲပြီးတော့နေတာ။  အဲ့‌တော့ အဲ့ဒီအခန်းကို မသင်္ကာလို့ တက်ရှာချင်လားလို့ ကျနော့်အဖေတို့ကို မေးတယ်၊ ကလေးရှိတယ်လို့ မပြောဘူး၊ သူ့ယောကျာ်းက ရှာခွင့်ပေးတာနဲ့ အဲ့အခန်းထဲမှာ ကလေးနဲ့အတူ အဲ့အမျိုးသမီးကို တွေ့တာပါ" လို့ ပြောပါတယ်။

ပျောက်ဆုံးပြီး ၅ ရက်အကြာ ဒီဇင်ဘာ ၂၆ ရက်၊ မနက်အစောပိုင်း ၅ နာရီလောက်က  အိမ်နီးနားချင်းတိုက်ခန်း အပေါ်ထပ်မှာ ကလေးငယ်ကို အခန်းသော့ပိတ်လျက် အနေအထားနဲ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အိမ်ရှင် ဒေါ်နီလာမြင့်မောင်၊ အသက် ၄၃ နှစ် ဆိုသူက ခိုးယူထားတာကြောင့် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။ 

ပြစ်မှုကျူးလွန်သူ အမျိုးသမီးကို ဖမ်းမိပြီး ၅ လကျော်မှာ ချမ်းအေးသာစံမြို့နယ်တရားရုံးက အမိန့်ချမှတ်တာဖြစ်ပြီး ကလေးငယ် ပြန်ပေးဆွဲခံရချိန်က ငွေကျပ်သိန်း ၃၀၀၀ နဲ့ ပြန်ရွေးဖို့ ကျူးလွန်သူဘက်က ခြိမ်းခြောက်ငွေတောင်းခဲ့တဲ့အပြင် တရားရင်ဆိုင်နေချိန်အတွင်း ကလေးငယ် မိသားစုဝင်တွေအပေါ် ဖုန်းဆက်ခြိမ်းခြောက်ပြောဆိုခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ် ဖခင်ဖြစ်သူက "၃၁ ရက်နေ့မှာ တရားသူကြီးက ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၇ နှစ်ပေါ့။ ကျနော်စွဲထားတဲ့ ပုဒ်မ ၃၆၃ အရ အမြင့်ဆုံး ထောင်ဒဏ်ပေါ့လေ၊ သားကို ပျောက်သွားတာက ၁၁ ရက် ၁၂ လ ၂၀၂၂၊ ပြန်တွေ့တာက ၁၆ရက် ၁၂လ ၂၀၂၂ နေ့၊ နံနက်ပိုင်း ၅ နာရီမှာ ပြန်တွေ့တာ၊ ၁၅ ရက်နေ့မှာကျ‌တော့ ကလေးရဲ့ရုပ်ပုံတွေ အသံဖိုင်တွေနဲ့ ငွေကြေး သိန်း ၃၀၀၀ နဲ့လာရွေးဖို့ အဲ့တာတွေ လက်ခံရရှိထားတယ်" လို့ ပြောပါတယ်။ 

မြန်မာရာဇသတ်ကြီးဥပဒေအရ ဥပဒေပုဒ်မ ၃၆၃ မှာ မည်သူမဆို၊ တဦးတယောက်သောသူအား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှ အပသို့ဖြစ်စေ၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်၊ ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

ကလေးခိုးယူမှု၊  ခြိမ်းခြောက်ငွေညှစ်မှုကိုပါ ကျူးလွန်သူဘက်က ပြုလုပ်ခဲ့ပေမဲ့ ကလေးခိုးယူမှု ပုဒ်မ ၃၆၃ နဲ့သာ အမှုဖွင့်လှစ်ပေးခဲ့ပြီး တရားရုံးကို အမှုတင်ပြတဲ့အခါမှာလည်း ခြိမ်းခြောက်ငွေညှစ်တဲ့ ဖြစ်စဉ်ပုဒ်မတွေ ပါမသွားပေမဲ့ သက်သေခံပစ္စည်းတွေ တင်သွင်းခွင့်ရခဲ့တယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက "တရားရုံးရောက်တော့ကျတော့ ၃၆၃ အမှုပဲ ပါတယ်၊ ပြန်ပေးအမှုပါမလာဘူး။ ဒါနဲ့ တရားသူကြီးကို ပြောတယ်၊ ဒီလိုဒီလိုပဲသက်သေတွေ ရှိတယ်၊ အမှုစစ်တွေလည်း ပေးထားတယ်၊ ဒါတွေနဲ့ သက်သေတွေလည်း တင်သွင်းရတာပေါ့၊ တင်သွားတဲ့အခါကျတော့ တရားသူကြီးက လက်ခံလိုက်တယ်။ ဒီခြိမ်းခြောက်ငွေတောင်းတဲ့ ဟာတွေပေါ့‌လေ၊ ဒီအမိန့်ထဲမှာတော့ ကလေးပြန်ပေးဆွဲတာရော တပေါင်းတည်းချလိုက်တဲ့ ပုံစံမျိုးပေါ့‌လေ၊ ၃၆၃ နဲ့ပဲ အဲ့လိုပဲ ချပေးလိုက်တာပါ" လို့ ပြောပါတယ်။

ကျူးလွန်သူ အမျိုးသမီးကို ပြစ်ဒဏ်မချခင် ဇန်နဝါရီ ၂၄ ရက်နဲ့ မေ ၂၄ ရက်တွေမှာ အမျိုးသားတဦးက ကလေးငယ်မိသားစုဝင်တွေကို ဖုန်းဆက်ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ 

ကလေးငယ် ဖခင်ဖြစ်သူ ဦးဟန်မျိုးဝင်းက "ခြိမ်းခြောက်ခံရတာက ၂ ကြိမ်တိတိရှိပါတယ်၊ ‌တရားရုံး ရင်မဆိုင်ခင် ဇန်နဝါရီလ ၂၄ ရက်နေ့က တစ်ခါ ဖုန်းနံပါတ်တခုနဲ့ အမျိုးသမီးဆီကို ဖုန်းဆက်တယ်၊ အစ်မအပြစ်လုပ်ထားလားပေါ့၊ အစ်မအပြစ်မလုပ်ထားရင် အစ်မအမျိုးသား လက်မြောက်ဒူးထောက်ပြီးတော့ တောင်းပန်မလားပေါ့၊ ဘာအပြစ်လဲ ပြောဆိုတော့လည်း သူတို့ဘက်က မပြောနိုင်ဘူး၊ ဒါက တရားရင်မဆိုင်ခင်က၊ နောက်တခါက တရားရင်ဆိုင်နေရင်းနဲ့ တခါ အဲ့လူပဲ၊ အဲ့ဒီဖုန်းနံပါတ်နဲ့ပဲ၊ ဆက်တဲ့အခါ အမျိုးသမီးဆီပဲ ဆက်တယ်၊ တရားရုံးကိုတော့ သိအောင်လို့ တင်ပြထားပါတယ်" လို့ ပြောပါတယ်။ 

ခိုးယူပြန်ပေးဆွဲဖြစ်စဉ်တွေကြောင့် ကလေးငယ်မှာ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှု လက္ခဏာတွေ ဖြစ်ပေါ်နေ‌လေ့ရှိတာကြောင့် ဆေးကုသမှု ခံယူနေရပြီး ကျူးလွန်သူတွေကို တရားစွဲဆိုရခြင်းမှာ နောက်ထပ် ထပ်ဖြစ်မလာအောင်လို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ မေ ၃၁ ရက်မှာ ချမ်းအေးသာစံမြို့နယ်တရားရုံးက  လူခိုးယူမှု ဥပဒေပုဒ်မ ၃၆၃ အရ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူရဲ့ မိသားစုနဲ့ ဆက်သွယ်မေးမြန်း‌ပေမဲ့ ဖုန်းဖြေဆိုခြင်းမရှိသလို ဆက်လက်အယူခံဝင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013