
အိန္ဒိယ မိုးလေဝသဌာန ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ ဇွန် ၃ ရက် ညပိုင်းမှာ INVEST 92-B စောင့်ကြည့်ရမယ့် လေပွေလှိုင်းတခု စဖြစ်နိုင်ပြီး ဇွန် ၆ ရက်မှာ မုန်တိုင်းငယ် Deep Depression ဖြစ်လာနိုင်တဲ့ အနေအထား တွေ့ရတယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လေပွေလှိုင်းဟာ မြောက်-အနောက်မြောက် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းအနီးက ရွေ့လျားကာ တဖြည်းဖြည်း အားကောင်းလာနိုင်ပြီး ဇွန်လ ၇ ရက်မှာ အပူပိုင်းဆိုင်ကလုန်းအဆင့်ဖြစ်ကာ ဇွန် ၉ ရက်ကနေ ၁၀ ရက်အတွင်းမှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လာနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီက ခန့်မှန်း ပြောဆိုပါတယ်။
"စပြီးတော့ဖြစ်တဲ့ ၃ ရက်နေ့၊ ဒီနေ့ ညလောက်မှာ စဖြစ်မယ် မှန်းထားတယ်။ အဲ့ကနေ ၉ ရက်နေ့ကျမှ နာမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမှာပေါ့။ ပြီးရင် မြောက်ဘက်ကို ဆက်ပြီး ရွေ့တယ်။ ရွေ့ပြီးတော့ စစ်တွေ အနောက်ဘက် မိုင် ၂၀ လောက်၊ ကျောက်ဖြူရဲ့ အနောက်မြောက်ဘက် မိုင် ၈၀ လောက် ရောက်ရင်တော့ ရုတ်တရက် အားကောင်းလာတယ်။ အဲဒါက ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ လေတိုက်နှုန်း ၁၁၅ မိုင် ရောက်လာမယ်လို့ တွေ့တယ်။ အမြင့်ဆုံးကတော့ လောလောဆယ် ရထားတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ အမြင့်ဆုံး CAT-3 (အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်) ရောက်လာနိုင်တယ်လို့ တွေ့ထားတယ်ပေါ့။ အဲ့တော့ ပြီးတော့မှ ကုန်းတွင်းကို ဝင်မယ့် အနေအထားကလည်း စစ်တွေမြောက်ဘက် မိုင် ၃၀ လောက် စစ်တွေမြို့အနီး အဲဒီလောက်ကနေ ဝင်မယ့် အနေအထားမျိုးကို အခု နောက်ဆုံးရတဲ့ အခြေအနေမှာ တွေ့ရပါတယ်" လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။
တပြိုင်တည်းမှာပဲ အာရေဗျပင်လယ်မှာ မုန်တိုင်း ၂ လုံးနဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၁ လုံး စုစုပေါင်း မုန်တိုင်း ၃ လုံးရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးထားတဲ့ BIPAJOY နဲ့ အိန္ဒိယနိုင်ငံက ပေးတဲ့ TEJ၊ အီရန်က ပေးတဲ့ HAMOON စတဲ့ မုန်တိုင်း နာမည် ၃ ခုမှာ ဘယ်မုန်တိုင်း နာမည်ရမယ်ဆိုတာ အတိအကျ ပြောလို့မရသေးဘူးလို့ မိုးလေဝသ ပညာရှင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မုန်သုံလေ ဝင်ရောက်နေပြီး မုတ်သုံမိုး ရွာသွန်းမှု ရှိသလို လာမယ့် ဇွန် ၆ ရက်၊ ၇ ရက်တွေမှာ မုန်တိုင်းငယ်အဆင့် ရောက်လာရင် မုတ်သုံလေ ပိုအားကောင်းလာနိုင်ကာ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
"လောလောဆယ်တော့ အိန္ဒိယမိုးလေဝသ ဌာန ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ အထိ မုတ်သုန်က ဇွန်လ ၂ ရက်မှာ ဝင်ပြီလို့ တွေ့တယ်။ ဒီဘက်မှာ မုတ်သုံမိုးလည်း ရှိတယ်။ ၆ ရက် ၇ ရက်လောက်ကို မုန်တိုင်းငယ်အဆင့် ရောက်လာရင် မုတ်သုံလေကို ထပ်ပြီး တွန်းသွင်းဦးမှာ။ မုတ်သုံလေ အားကောင်းလာမယ်။ နောက်ပြီးတော့ မုတ်သုံနဲ့ ပတ်သက်တဲ့ တိမ်တိုက်တွေ ထပ်ပြီး ဝင်လာမယ်။ မုတ်သုံလေ အားကောင်းလာမယ်။ မုတ်သုံမိုး အားကောင်းလာမယ်။ ဆိုတော့ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာတော့ မိုးပိုလာမယ်။
"အခု ပြောသွားတာ အကုန်လုံးက ကြိုတင် ခန့်မှန်းချက်ပေါ့။ နောက်ဆုံးရတဲ့ ခန့်မှန်းချက်ပေါ့။ နောက် ထပ်ထွက်လာမယ့် ခန့်မှန်းချက်တွေ ရှိတယ်။ တရက်ကို ၄ ကြိမ် ထွက်တယ်။ ၄ ကြိမ် ထွက်တိုင်းလည်း ကျနော်ကြည့်ပြီး လမ်းကြောင်း ပြောင်းလဲတာရှိရင် အင်အားပြောင်းလဲတာရှိရင် တင်ပေးနေမှာ။ ဒီသတင်းတွေကို မပြတ်တော့ နားစွင့်ပေးပါ။ မုန်တိုင်းဖြစ်လာမယ့် အချိန် တပတ် ၇ ရက်၊ ၈ ရက်လောက် လိုသေးတယ်။ ဒီကြားထဲမှာ မပြတ် နားစွင့်ပေးပါလို့ ပြောချင်တယ်"လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။
မြန်မာနိုင်ငံကို နောက်ထပ်လာနိုင်တဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီး မိုးဇလက ကြိုတင် သတိပေးချက် ထုတ်ပြန်တာ မရှိသေးဘဲ ဇွန်လ ၅ ရက်ကနေ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်း မုန်တိုင်း“မဝါ”(Mawar)ဟာ အရှေ့-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ အိုကီနာဝါကျွန်း အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၂၀ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုကာ၊ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်ရွေ့လျားနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။










