
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မှတ်ပုံတင်တဲ့နေရာမှာ ဆေးစစ်ချက် လက်မှတ်အတုတွေကို မသုံးကြဖို့ အစိုးရက အလုပ်ရှင်တွေကို သတိပေးလိုက်သလို ဥပဒေချိုးဖောက်ကြောင်း တွေ့ရှိရသူ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအစိုးရက ပြောတဲ့အကြောင်း Bangkok Post သတင်းမှာ မေ ၂၅ ရက်က ဖော်ပြပါတယ်။
ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖတ်ဒါရာဆမ် ထောင်ဆာလွေကွန်းက တရားဝင်လိုင်စင် မရှိတဲ့ ဆေးခန်းအချို့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေးဆေးစစ်ချက် လက်မှတ်တွေကို တရားမဝင် ထုတ်ပေးနေတာကို အာဏာပိုင်တွေက စုံစမ်းသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဥပဒေအရဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေဟာ သတ်မှတ်ထားတဲ့ ကူးစက် ရောဂါ ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်သလို အစိုးရဆေးရုံတွေ၊ ဒါမှမဟုတ် ခွင့်ပြုချက်ရထားတဲ့ ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာဌာနတွေက ထုတ်ပေးတဲ့ ဆေးစစ်ချက်လက်မှတ်တွေကိုသာ ရယူရမှာ ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ အွန်လိုင်းစိစစ်ရေးစနစ်နဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာဌာန စုစုပေါင်း ၆၃ ခု ရှိတယ်လို့ သိရပြီး အလုပ်ရှင်တွေအနေနဲ့ ခွင့်ပြုချက်ရထားတဲ့ ဆေးရုံ/ဆေးခန်း ဟုတ်၊ မဟုတ်ကို ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံးတွေ၊ ဒါမှမဟုတ် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုရုံးကတဆင့် စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ တာဝန်ရှိသူတွေဟာ အခုလို ဆေးစစ်ချက်လက်မှတ်အတုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်မဲ့ စင်တာတခုကိုလည်း ဖွင့်လှစ်ပေးထားသလို၊ စစ်ဆေးမှုတွေကိုလည်း ပိုမိုတင်းကျပ် လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Bangkok Post










