DVB Logo
Home
မြန်မာသတင်း
မြန်မာ့ မန်ကျည်းသီးအစို တန်ချိန် ၅၀၀ ကို လစဉ်ဝယ်ယူမည်ဟု ယူအေအီးကုမ္ပဏီ ကမ်းလှမ်း
DVB
·
June 2, 2023
မြန်မာ့ မန်ကျည်းသီးအစို တန်ချိန် ၅၀၀ ကို လစဉ်ဝယ်ယူမည်ဟု ယူအေအီးကုမ္ပဏီ ကမ်းလှမ်း
Donate to DVB

မြန်မာနိုင်ငံက ထွက်ရှိတဲ့ မန်ကျည်းသီးအစို တန်ချိန် ၅၀၀ ကို လစဉ် ဝယ်ယူတင်သွင်းလိုကြောင်း ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာရှိတဲ့ ကုမ္ပဏီတခုက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Hermab Group အမည်ရှိတဲ့ အဆိုပါကုမ္ပဏီဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် မြန်မာနိုင်ငံက ကုမ္ပဏီစာရင်းနဲ့ ဆက်သွယ်နိုင်မယ့် အကြောင်းအရာတွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတဆင့် တောင်းခံလာတာဖြစ်တယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်က စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ထုတ်ပြန်စာအရ သိရပါတယ်။

အဆိုပါကုမ္ပဏီရဲ့ ကမ်းလှမ်းချက်အရ ယူအေအီးနိုင်ငံကို မန်ကျည်းသီး တင်ပို့လိုတဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြုစုပေးပို့ပေးဖို့ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ကို စားသုံးသူရေးရာဦးစီးဌာနက မေ ၃၁ ရက် ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

တင်ပို့လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီအချက်အလက်တွေကို ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒီစာပို့တဲ့ ရက်မတိုင်ခင်ကလည်း စစ်ကောင်စီခန့် ယူအေအီးဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုဟာ ယူအေအီးနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ နိုင်ငံသားများ အကျိုးစီးပွား မြှင့်တင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Abdulrahman Abdulmannan Al Awarနဲ့ တွေ့ဆုံပြီး ကုန်သွယ်မှုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံက ကျွမ်းကျင်အလုပ်သမားတွေ တရားဝင်ခေါ်ယူရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာ့မန်ကျည်းသီးဟာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေကလည်း အဝယ်ရှိပြီး တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို နယ်စပ်ကုန်သွယ်ရေးကတဆင့် အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသတွေမှာ အဓိကထွက်ရှိပြီး စားသောက်ကုန်နဲ့ ဟင်းပွဲတွေမှာ ထည့်သွင်းအသုံးပြုသလို အလှကုန်ပစ္စည်းတွေ၊ ပရဆေးတွေ ပြုလုပ်ရာမှာလည်း မန်ကျည်းသီးကို အသုံးပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013