
ဇွန် ၃ ရက်နေ့ ည ၉ နာရီလောက်မှာ ဧရာဝတီတိုင်း၊ မော်တင်စွန်းအနီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ခုရက်ပိုင်းအတွင်း လေပွေလှိုင်းစဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
လေပွေလှိုင်းဟာ မြောက်-အနောက်မြောက် မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအနီးက ရွေ့လျားကာ တဖြည်းဖြည်းအားကောင်းလာနိုင်တယ်ကြောင်းနဲ့ ဇွန်လ ၈ ရက်နဲ့ ၉ ရက်ဝန်းကျင်မှာ အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဖြစ်လာမှာ ရာနှုန်းပြည့်နီးပါး သေချာသလောက် ရှိနေပြီလို့လည်း ဆိုပါတယ်။
အာရေဗျပင်လယ်မှာ မုန်တိုင်း ၂ လုံးနဲ့ ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်း ၁ လုံး စုစုပေါင်းမုန်တိုင်း ၃ လုံးဖြစ်ပြီး ဘယ်မုန်တိုင်းက ဆိုင်ကလုန်းမုန်တိုင်းအဆင့် အရင်စရောက်မယ်၊ ဘယ်လို နာမည်ရမယ်ဆိုတာနဲ့ အတိအကျ မသိနိုင်သေးဘူးလို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်ကမ်းရိုးတန်းမြောက်ပိုင်းကို ဦးတည်ရွေ့လျားမယ်၊ ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ကို ဦးတည်ရွေ့လျားမယ် စတဲ့- မတူညီတဲ့ forecast model တွေရဲ့ မတူညီတဲ့ အချိန်ခန့်မှန်းချက်တွေ အမျိုးမျိုးထွက်နေမှာ ဖြစ်ပြီး ဘယ်နေရာကိုဖြတ်ကျော်ဝင်ရောက်မယ်ဆိုတဲ့ ခန့်မှန်းချက်ကို လေဖိအားနည်းရပ်ဝန်းဖြစ်လာချိန်မှ အတည်ပြုပေးနိုင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကို နောက်ထပ်လာနိုင်တဲ့ မုန်တိုင်းနဲ့ပတ်သက်ပြီး မိုးဇလဌာနကတော့ အတည်ပြု ထုတ်ပြန်တာမရှိသေးပဲ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်း မုန်တိုင်း“မဝါ”(Mawar)ဟာ အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိုကီနာဝါကျွန်း အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကာ၊ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။










