DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အကူအညီပစ္စည်းများပေးခွင့်ရရန် စောင့်ဆိုင်းနေရဟု ကုလထုတ်ပြန်
DVB
·
June 2, 2023
မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အကူအညီပစ္စည်းများပေးခွင့်ရရန် စောင့်ဆိုင်းနေရဟု ကုလထုတ်ပြန်
Donate to DVB

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် စစ်ကောင်စီထံကနေ  အတည်ပြုချက်စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းနဲ့ ထောက်ပံ့ရေးပစ္စည်းဖြန့်ဝေမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်ကူညီခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ပါတယ်။

မုတ်သုံရာသီဝင်လာပြီဖြစ်လို့ မြန်မာနိုင်ငံအနောက်ပိုင်းကို မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ် အခံရဆုံးဒေသတွေမှာ အမိုးအကာ၊ အရေးပေါ်စားနပ်ရိက္ခာ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အကူအညီတွေပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ အချိန်လု ဆောင်ရွက်နေရတယ်လို့လည်းဆိုပါတယ်။

ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးခွင့်ရဖို့ အတည်ပြုချက်စောင့်ဆိုင်းနေဆဲဖြစ်ပေမဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ ရှိရင်းစွဲရရှိထားတဲ့ ခွင့်ပြုချက်နဲ့ အသင့်ရှိပြီး အမိုးအကာ၊ ရေနဲ့သန့်ရှင်းရေး အကူအညီတွေ၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေကို လက်လှမ်းမီရောက်ရှိနိုင်တဲ့ နေရာတိုင်းမှာ ကူညီပံ့ပိုးနေတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လူပေါင်း ၁၀၇,၀၀၀ အတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ ပံ့ပိုးပြီးဖြစ်တဲ့အပြင် အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာနဲ့ အခြား လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပံပိုးပေးခဲ့သလို သောက်သုံးရေ လီတာ ၃၀,၀၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂအေဂျင်စီက ဆိုပါတယ်။

နိုင်ငံအနောက်မြောက်ဘက်ပိုင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက်လည်း  အမိုးအကာတွေပြုပြင်နိုင်ဖို့  ငွေသားအကူအညီတွေပေးခဲ့သလို လူဦးရေ ၄,၅၀၀ အတွက် တကိုယ်ရေ သန့်ရှင်းရေးအသုံးအဆောင်တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းဒဏ်သင့်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့နေစရာနေရာရရှိဖို့က အဓိကအခက်အခဲတခုဖြစ်နေဆဲဖြစ်ပြီး အမိုးအကာနဲ့တခြား လူမှုကယ်ဆယ်ရေးပစ္စည်းတွေကို ဘေးဒဏ်သင့်လူဦးရေ ၆၃,၀၀၀ အတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံရှိ (UN OCHA) အဖွဲ့သားတွေက ဆိုင်ကလုန်းမုန်တိုင်းမိုခါဘေးဒဏ်သင့်တဲ့ ယာယီရွှေ့ပြောင်း စခန်းတွေနဲ့ ကျေးရွာတွေကိုသွားရောက်ပြီး ဘေးဒဏ်သင့်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြပြီး အပျက်အစီးထုထည်ကတော့ မယုံကြည်စရာကောင်းလောက်အောင် များပြားတယ်လို့ ဆိုပါတယ်။

မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံအနောက်ပိုင်းကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် နေအိမ်တွေဆုံးရှုံးသွားတဲ့ ရပ်ရွာတွင်းက ဘေးဒဏ်သင့်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို OCHA Myanmar အကြီးအကဲ ဒန်နီရယ်လီပါရီက ရုပ်သံမှာ ပြောပြထားပါတယ်။ 

“ကျမ ရခိုင်ပြည်နယ်စစ်တွေအနီးနားက ယာယီအခြေချစခန်းတွေနဲ့ ကျေးရွာတွေကို သွားရောက်ကြည့်ရှုနေပါတယ်။ ဒီနေရာတွေအားလုံးက ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့၇တဲ့နေရာတွေပါ။ နေရာစရာအခက်အခဲက အရေးပေါ်ဖြစ်နေတာကတော့ ထင်ထင်ရှားရှားပါပဲ။ အထူးသဖြင့်ယာယီအမိုးအကာနဲ့ နေထိုင်ရသူတွေအတွက် အခြေအနေဆိုးရွားပါတယ်။ မိုခါမုန်တိုင်းဒဏ်ကနေ လွတ်တဲ့ အိမ်ဆိုတာကလည်း တလုံးတောင် မရှိသလောက်ပါဘဲ။”

OCHA Myanmar အကြီးအကဲ ဒန်နီရယ်လီပါရီဟာ မေလ ၃၁ ရက် စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ နေပြည်တော်မှာ သွားတွေ့ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ အဆင်ပြေချောမွေ့စေရေးနဲ့ ထိရောက်မှုရှိစေရေး ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့၊ ကချင်ပြည်နယ် နေရာတချို့က မုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့ ကုလသမဂ္ဂက အလှူရှင်နိုင်ငံတွေကို တိုက်တွန်းဆော်ဩထားပါတယ်။ 

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ မုန်တိုင်းဒဏ်သင့်ရပ်ရွာလူထုအားလုံးကို ပံ့ပိုးကူညီဖို့အတွက် အဆင်သင့်ရှိနေပေမဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် ဝင်ရောက်ကူညီခွင့်တွေပိုမိုရရှိဖိုနဲ့ ထောက်ပံ့ရေးပစ္စည်းနဲ့ ရန်ပုံငွေတွေတိုးမြှင့်ရရှိဖို့လည်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013