စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က ရပ်ကျေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ဇွန် ၁ ရက် မနက် ၄ နာရီလောက်က စတင်ကာ ယင်းမာပင်မြို့ပေါ်က တပ်စွဲထားတဲ့ နေရာတွေကို ရိက္ခာပို့ဆောင်ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ ထွေအုပ်ရုံးကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးအဖွဲ့နဲ့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးအဖွဲ့ ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“အဲ့ထွေအုပ်ရုံးမှာက စစ်သားတွေပါ တပ်စွဲထားတာဗျ။ မြို့ပေါ်က တပ်တွေကို ရိက္ခာပို့နေတာတွေ သတင်းရတာနဲ့ သွားတိုက်ခဲ့တာပါ။ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နှစ်ဖက်ပစ်ခတ်မှု ၁ နာရီကျော် ဖြစ်ပွားခဲ့တာပါဗျ။ အထိအခိုက်တော့ စုံစမ်းနေဆဲပါ၊ အတည်မပြုနိုင်သေးဘူးခင်ဗျ။”
အဆိုပါတိုက်ခိုက်မှုတွေကို Hero Fighter (Salingyi) တိုက်ခိုက်ရေး အထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့နဲ့ တခြား ညီနောင်မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ယင်းမာပင်ခရိုင်ထဲမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်ထားတာမျိုးတွေ ပြုလုပ်လေ့မရှိတဲ့အပြင် ဆက်သွယ်မေးမြန်းရင်လည်း ပြန်လည်ဖြေကြားခြင်း မရှိတဲ့အတွက် ဒီဗွီဘီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။