
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇွန် ၁ ရက်က စာသင်ကျောင်းတွေ ပြန်ဖွင့်ပေမဲ့ မုန်တိုင်းဒဏ်ကြောင့် အမိုးအကာတွေမရှိလို့ ကျောင်းသားကျောင်းသူတွေ ပညာသင်ယူဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
မိုခါမုန်တိုင်းတိုက်ခတ်ခဲ့လို့ ကျောင်းတွေ နေအိမ်တွေ ပျက်စီးခဲ့ပြီး စာသင်ကျောင်း ခေါင်မိုးတွေ မုန်တိုင်းဒဏ်ကြောင့် ပွင့်ထွက်သွားလို့ သားသမီးတွေ ကျောင်းတက်တဲ့ အခါမှာလည်း အမိုးမလုံဘူး ဖြစ်နေတယ်လို့ အလယ်ချောင်းကျေးရွာက ကျောင်းသားမိခင်တဦးဖြစ်တဲ့ မအေးသန္တာထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကလေးကို ကျောင်းအပ်နှံထားပေမဲ့လည်း ကျူရှင်ခတွေ၊ စာအုပ်ဖိုးတွေ မတတ်နိုင်ဘူး ဖြစ်နေတယ်။ ကျောင်းသုံး အထောက်အကူပစ္စည်းတွေလည်း ဘာမှမရသေးဘူး။ မုန်တိုင်းမိသွားတော့ နေစရာ စားစရာတွေ အဆင်မပြေသလို ငွေကြေးမပြေလည်မှု တွေကြောင့် ကျောင်းထားဖို့နဲ့ သင်ထောက်ကူပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ အခက်အခဲဖြစ်နေတယ်။ ကုန်စျေးနှုန်းတွေကလည်း ထိုးတက်နေတော့ တနှစ်တာလုံး ကျောင်းထားနိုင်ဖို့ တော်တော်ရုန်းကန်ရမှာဖြစ်သလို ကိုယ်ပိုင်ကျောင်းတွေမှာလည်း မထားနိုင်ဘဲ ကိုယ့်ဆီကကျောင်းကိုပဲ ခိုကပ်ထားကြရပြီး အမိုးတွေမရှိလို့ နေပူကြဲကြဲမှာ ကလေးတွေ ကျောင်းတက်ဖို့အတွက် အခက်အခဲ ဖြစ်နေကြတယ်။”
ကျောင်းခေါင်မိုးတွေ၊ သွပ်တန်းတွေ အကုန်ပွင့်ထွက်သွားတဲ့အတွက် အခု လတ်တလော အခြေအနေမှာ ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ကျောင်းသားမိဘတယောက်ဖြစ်တဲ့ ကိုထွန်းလေးမောင်က ပြောပါတယ်။
“ဘုန်းကြီးကျောင်းတွေ၊ နေအိမ်တွေလည်း ပျက်စီးသွားတာကြောင့် ယာယီစာသင်မယ့် နေရာတွေ အခက်အခဲရှိသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကလည်း ဘာအထောက်အပံ့တွေမှ ရောက်လာသံ မကြားမိသေးဘူး။ ဒီပညာသင်နှစ်မှာတော့ မိဘတွေအနေနဲ့ တော်တော်အခက်အခဲ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း စပါးစိုက်ခင်းတွေကို ဆားငန်ရေတွေ ဝင်ရောက်ခဲ့လို့ ပျက်စီဆုံးရှုံးခဲ့ကြရသလို ကျောင်းသားမိဘတွေကလည်း လယ်သမားတွေများတော့ အခက်အခဲဖြစ်နေချိန်မှာ မိုခါမုန်တိုင်းကြောင့် လယ်မြေတွေ၊ နေအိမ်တွေ ထပ်မံပျက်စီးခဲ့လို့ ဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်နေကြရတယ်။”
ကျောင်းသားမိဘတွေအနေနဲ့ မုန်တိုင်းဒဏ်သင့်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေချိန်မှာ သားသမီးတွေကို ကျောင်းထားနိုင်ဖို့ မတတ်နိုင်တဲ့ အခြေအနေ ဖြစ်နေသလို စာသင်ကျောင်းကလည်း အမိုးတွေမရှိလို့ ကျောင်းသားတွေအနေနဲ့ ကျောင်းတက်စရာ နေရာမရှိဘူးလို့ ဆိုပါတယ်။
အ.ထ.က အလယ်ချောင်းမှ ကျောင်းဆရာတဦးက “ကျောင်းတွေက စာသင်လို့ ရပါတယ်ဗျ။ ကျနော်တို့ကျောင်းတွေက ၂ သုတ်ခွဲပြီး သင်လို့ရတယ်။ အထက်တန်း ကျောင်းသား ကျောင်းသူ တွေကိုတော့ ၂ ထပ်အဆောင်မှာ သင်ကြားပေးလို့ရပြီး အလယ်တန်းနဲ့ မူလတန်းတွေကိုတော့ ဂျပန်ဆောင်မှာ သင်ကြားပေးလို့ရတယ်” လို့ ပြောပါတယ်။
အရှေ့မှာရှိတဲ့ မိုခါမုန်တိုင်းသင့်လို့ အမိုးလန် ပျက်စီးသွားတဲ့ ပေ ၁၂၀၊ ပေ ၃၀ ကျောင်းဆောင်ကိုတော့ တာဝန်ရှိသူတွေက ခေါင်မိုးမိုးဖို့ စီစဥ်နေပြီး တပတ်အတွင်းပြီးမယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
“မြို့ပေါ်တွေမှာ ကျောင်းသွားတက်တဲ့သူတွေက လွဲလို့ အကုန်လာရောက်အပ်နှံကြပြီး စာရင်းတွေကတော့ မချုပ်ရသေးဘူးဗျ။ အရင်နှစ်ကတော့ ကျောင်းသားကျောင်းသူ အရေအတွက် ၆၀၀ ကျော်လောက်ရှိပြီး အခုနှစ်မှာလည်း အဲဒီအရေအတွက်လောက်တော့ ရှိနိုင်တယ်။ သင်ထောက်ကူပစ္စည်းတွေကတော့ မြို့နယ်က ထုတ်ပေးတာဖြစ်ပြီး အတန်းတွေကိုတော့ ရောက်မလာသေးဘူး။ ကျောင်းအုပ်ဆရာကြီး ထုတ်ခဲ့ပြီးပြီလား ဆိုတာကိုတော့ မသိရသေးဘူး။”
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တုန်းက KG တန်းကနေ Grade11 အထိ ကျောင်းသားကျောင်းသူဦးရေ ၆ သိန်းကျော် ပညာသင်ကြားခဲ့ပြီး အခုပညာသင်နှစ်မှာလည်း ကျောင်းသားကျောင်းသူ အရေအတွက် ၆ သိန်းကျော်အထိ ရှိနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။










