
ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်ကောင်စီ အမှတ် ၁၀၁၅ လေကြောင်းရန်ကာကွယ်ရေး တပ်က ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ကို မေ ၃၁ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။
မနေ့ ညနေ ၅ နာရီခွဲလောက်က အမြန်လမ်း ၁၅၄ မိုင် ၈ ဖာလုံမှာ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ (ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ သူ့ရဲ့ဖုန်းနဲ့ ဆိုင်ကယ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒုဗိုလ်မှူးကြီးရဲနိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကို စုံစမ်းထောက်လှမ်းဖို့ အရပ်ဝတ်နဲ့ သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပစ်ခတ်ရှင်းလင်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ ထိတွေ့မှုတွေ ရှိနေပြီး စစ်ကောင်စီဘက်က မြေပြင်မှာ အထိအခိုက် အကျအဆုံး များပြားနေတာကြောင့် သာမန်အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေပါ ရှိလာနေတယ်လို့ ပဲခူး PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ အနီးနားမှာ နေထိုင်သွားလာတာ၊ စီးပွားရေးလုပ်ငန်းတွေမှာ အကျိုးတူ ပါဝင်ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်တာတွေ မလုပ်ကြဖို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။











