
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ ဟေဇာဟာ အခု ဇွန်လထဲမှာ ရာထူးတာဝန်ကနေ အနားယူတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက မေ ၃၁ ရက်မှာ ကြေညာလိုက်ပါတယ်။
မစ္စနိုလင်းဟေဇာဟာ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထွက်ခွာမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေအတွက် မနားမနေကြိုးပမ်းအားထုတ်ခဲ့မှုတွေအတွက် ဒေါက်တာ နိုလင်းဟေဇာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်အနေနဲ့ ကျေးဇူးတင်တဲ့ အကြောင်းနဲ့ အထူးကိုယ်စားလှယ်သစ် နောက်တယောက်ကို ထပ်မံခန့်အပ်သွားမယ်လို့လည်း ကုသသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အရပ်သားအစိုးရထံကနေ စစ်တပ်က တရားမဝင် အာဏာလုယူခဲ့ပြီးနောက် ၈ လလောက်အကြာ အောက်တိုဘာလမှာ စင်ကာပူနိုင်ငံသူ ဝါရင့် သံတမန်ဟောင်း နိုလင်းဟေဇာက ဒီတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ခရစ္စတင်းရှာရာနာဘာဂီနာထံကနေ တာဝန်လွှဲပြောင်းရယူခဲ့တဲ့ ဒေါက်တာ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် လပေါင်း ၂၀ လောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁၆ ရက်မှာ သွားရောက်ခဲ့ပြီး နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဩဂုတ် ၁၇ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အရပ်သားအုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်ဆီပြ န်သွားဖို့နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ဆီပြန်ပို့ပြီး သူနဲ့တွေ့ခွင့်ပေးဖို့ နိုလင်းဟေဇာက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့သလို တောင်းဆိုချက်တွေလည်း တခုမှာ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံမှ ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ အကူအညီလိုအပ်နေတဲ့ ပြည်သူအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ထောက်ပံ့ပေးနိုင်ဖို့ လက်တွေ့ဆောင်ရွက်ရမယ့်ကိစ္စတွေကို လူချင်းတွေ့ဆုံ ပြောကြားဖို့ဖြစ်တယ်၊ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးအရအဖြစ် အသိအမှတ်ပြုဖို့လာတာ မဟုတ်ဘူးလို့ အထူးကိုယ်စားလှယ်ရုံးက မြန်မာပြည်ခရီးစဉ်အပြီးမှာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အကြီးအကျယ်ပျက်စီးသွားပြီး အကြမ်းဖက်မှုတွေဟာ ထိတ်လန့်စရာပမာဏနဲ့ ဆက်ဖြစ်နေတယ်၊ နှစ်ဖက်စလုံးက စေ့စပ်ညှိနှိုင်းမယ့်အလားအလာမရှိဘူးလို့ နိုလင်းဟေဇာက ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောသွားပါတယ်။
မြန်မာ့အရေးငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းကို ထောက်ပံ့ အားပေးမှာဖြစ်ပြီး နောက်ဆုံးမှာ ပိုမိုတရားမျှတဲ့၊ ဒီမိုကရေစီအနှစ်သာရရှိတဲ့ မြန်မာပြည်ထောင်စု ပေါ်ပေါက်လာ လိမ့်မယ်လို့လည်း နိုလင်းဟေဇာက အထွေထွေညီလာခံရဲ့ အစည်းအဝေးပြီးနောက် သတင်းထောက်တွေက မေးမြန်းရာမှာ နိုလင်းဟေဇာကပြောကြားပါတယ်။
“ကျမနေပြည်တော်ကို သွားတဲ့အချိန်တုန်းကလည်း စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးနေတာတွေဟာ မလိုအပ်ဘဲ ချက်ချင်းရပ်တန့်လို့ရတဲ့ ကိစ္စတွေဖြစ်တယ်ဆိုတာ ကျမအလေးအနက်ပြောခဲ့ပါတယ်။ အာဆီယံကလည်း ဒီလုပ်ငန်းစဉ်တွေကို သူတဖွဲ့တည်း လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒေသအလိုက်ကြိုးပမ်းမှုပုံစံနဲ့ သွားရမှာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာ့အရေးဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း မြန်မာနိုင်ငံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ကျမတို့က ဒေသတွင်းနိုင်ငံတွေတင်မကဘဲ နိုင်ငံတကာက ပူးပေါင်းကူညီးဆောင်ရွက်ပေးဖို့လည်း လိုပါတယ်။ ဒီနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချမှတ်နိုင်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကျမတော်တော်လေး အားရပါတယ်။”
အမြန်ဆုံးလုပ်ဆောင်ရမှာက လူမှုကူညီ ကယ်ဆယ်ရေးလိုအပ်နေတဲ့ နေရာတွေကို သိရအောင်လုပ်ပြီး လူမှုရေးကူညီမှုတွေ ရောက်အောင်ပေးပို့နိုင်ဖို့ဖြစ်တယ်။ မြန်မာနိုင်ငံကို ထပ်သွားဖို့ကတော့ အကျိုးရှိမယ်ဆိုရင် ၊ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတစ်ခု ဖန်တီးပေးနိုင်မယ် ဆိုရင် သွားမယ် အဲလိုမဟုတ်ရင်တော့ သွားဖို့ မရှိပါဘူးလို့ ပြောပါတယ်။
ဒေါက်တာဟေဇာဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊ နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေကြား နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှ CNA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဏာခွဲဝေရေးကို နည်းလမ်းတခုအနေနဲ့ အကြံပြုပြောဆိုခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
အာဏာခွဲဝေရေးကိစ္စ ဒေါက်တာ နိုလင်းဟေဇာက ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ အကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၄၇ ဖွဲ့ကလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီနောက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ အာဏာခွဲဝေရေးလုပ်ဆောင်ဖို့ အကြံပြုခဲ့တာမျိုး လုံးဝမရှိခဲ့ဘူးလို့ အထူးသံတမန် ဒေါက်တာ နိုလင်းဟေဇာက ဖြေရှင်းချက် ထုတ်ပြန်ခဲ့ရပါတယ်။
အထူးသံတမန် ဒေါက်တာ နိုလင်းဟေဇာဟာ မကြာသေးခင်က မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကို သွားရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်ရေး၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရဖို့ သံတမန်နည်းအရ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နိုလင်းဟေဇာ တာဝန်ယူခဲ့တဲ့ သက်တမ်းအတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရရှိတဲ့အတွက် သိသာထင်ရှားတဲ့ ရလဒ် တခုမှမရှိဘဲ တာဝန်မှ အနားယူချိန်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
Photo-UN











