
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မွတ်စလင်ရပ်ကွက်တွေအနေနဲ့ တလကို လူဦးရေ ၂၀ နှုန်းစီနဲ့ စစ်မှုထမ်းဖို့အတွက် စစ်အာဏာရှင်တပ်က ဖိအားပေးတောင်းနေတယ်လို့ စစ်တွေမြို့ခံ မွတ်စလင် တွေဆီက သိရပါတယ်။
စစ်တွေမြို့ရှိ အောင်မင်္ဂလာ၊ အင်ပါလာ၊ ကုန်တန်း၊ ဘုမေ အပါဝင် မွတ်စလင်တွေ နေထိုင်တဲ့ ရပ်ကွက်တွေက တအိမ် တယောက်နှုန်းနဲ့ တလကို လူဦးရေ ၂၀ ပေးဖို့ စစ်အာဏာရှင်ခန့် နယ်လုံဝန်ကြီးကိုယ်တိုင် အစည်းအဝေးခေါ်ပြီး တောင်းခဲ့တာလို့ စစ်တွေမြို့က မွတ်စလင် အမျိုးသားတယောက်က ပြောပါတယ်။
“ဇူလိုင်လကုန်ပိုင်းက မြို့ပေါ်က မွတ်စလင်ရပ်ကွက်တွေက လူကြီးတွေကို နယ်လုံဝန်ကြီးကိုယ်တိုင် ခေါ်ပြီး တအိမ်က အမျိုးသားတယောက်နှုန်းနဲ့ တလကို လူဦးရေ ၂၀ စီ တောင်းထားတယ်။ သူတို့ကို ထောက်ပံ့ပေးမဲ့ လစာနဲ့ ရိက္ခာတွေအတွက်လည်း ရပ်ကွက်နေ ပြည်သူတွေကပဲ ထောက်ပံ့ရမယ်ဆိုပြီး ပြောတယ်။ စစ်တပ်က မွတ်စလင် လူငယ်တွေကို အသုံးချပြီး စစ်တွေမြို့ကို ခုခံဖို့ ပြုလုပ်နေတာ။”
စစ်တွေမြို့နယ်က ကျေးရွာတချို့တွေကလည်း လစဉ် စစ်မှုထမ်းဖို့ မွတ်စလင်လူငယ်တွေ ပေးနေရပြီး သူတို့ရဲ့ လစာနဲ့ ရိက္ခာထောက်ပံ့စရိတ်တွေကိုလည်း မွတ်စလင်ကျေးရွာတွေက ကောက်ခံပြီး ပေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်တွေမြို့နယ်ရှိ မွတ်စလင်ကျေးရွာတွေက လူငယ်တွေကို လစဉ် စစ်မှုထမ်းဖို့ ပေးနေကြရတာဖြစ်ပြီး လက်ရှိမှာ မြို့ပေါ်ရပ်ကွက်တွေအထိ စစ်မှုထမ်းဖို့ စစ်အာဏာရှင်တပ်က တောင်းခံလာတာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့နယ်မှာ စစ်မှုထမ်း စစ်သားအဖြစ် စုဆောင်းခံထားရသူ အနည်းဆုံး အယောက် ၃,၀၀၀ ကျော်ရှိနိုင်တယ်လို့ စစ်တွေမြို့ခံ မွတ်စလင်တွေက ပြောကြပြီး သူတို့ကို စစ်တွေမြို့နယ်အတွင်းက စစ်စခန်းတွေမှာ တာဝန်ထမ်းဆောင်ခိုင်းထားတယ်လို့ သိပါတယ်။
စစ်တွေမြို့ခံ မွတ်စလင်တယောက်က “စစ်တွေမြို့နယ်က ကျေးရွာတွေက စစ်မှုထမ်းပါသွားတာ လူဦးရေ အနည်းဆုံး ၃,၀၀၀ ကျော်လောက်ရှိမယ်။ ကျေးရွာက လူငယ်တွေရော၊ ဒုက္ခသည်စခန်းတွေက လူငယ်တွေကိုပါ အဓမ္မစုဆောင်းခံနေကြရတာ။ အများစုကတော့ စစ်တပ်ရဲ့ ရှေ့တန်းစစ်စခန်းတွေဆီမှာ အပို့ခံထားကြရတာရှိတယ်။ အဓိကတော့ စစ်တပ်အနေနဲ့ အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လာရင် မွတ်စလင်လူငယ်တွေကို အသေခံခိုင်းပြီး လူမျိုးရေးအရလည်း ခုတုံးလုပ်ခိုင်းနေတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက မွတ်စလင်လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းဖိအားပေးခဲ့တာဖြစ်ပြီး ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာ မွတ်စလင်လူငယ် စစ်မှုထမ်းတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒ့ါအပြင် စစ်တွေမြို့နယ်တွင်း မွတ်စလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေကိုလည်း သွားလာခွင့်တွေ ကန့်သတ်ထားသလို မြို့တွင်းသို့ သွားလာမယ်ဆိုရင်လည်း စစ်ဆေးရေးဂိတ်တွေမှာ ငွေပေးပြီးမှ သွားလာနေကြရတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက စစ်တွေမြို့နယ်ကို ပိတ်ဆို့ထားတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း စစ်တွေမြို့နယ်အစပ်ရှိ တပ်စခန်းတွေမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။











