DVB Logo
Home
မြန်မာသတင်း
အမုန်းတရား ပြောဆိုရေးသားလှုံ့ဆော်မှုများ ရှောင်ရှားရန် သမ္မတ တိုက်တွန်း
DVB
·
July 3, 2014
အမုန်းတရား  ပြောဆိုရေးသားလှုံ့ဆော်မှုများ ရှောင်ရှားရန် သမ္မတ တိုက်တွန်း
Donate to DVB

တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး လက်ရှိဖော်ဆောင်နေ တဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ အောင်မြင်ဖို့ ပြည်သူတွေအကြား မုန်းတီးမှုများဖြစ်စေမယ့် ပြု မူပြောဆိုရေးသားလှုံ့ဆော်မှုတွေကို ရှောင်ရှားကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

u thein sein copyမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်း စုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပြီး ဒီလိုနိုင်ငံမျိုးမှာ နိုင်ငံသား အားလုံး တဦးနဲ့ တဦး သဟဇာတ ရှိရှိ နေထိုင် ပူးပေါင်းဆောင်ရွက်မှ သာ တိုင်းပြည်တွင်း တည်ငြိမ်အေး ချမ်းမယ့်အကြောင်းနဲ့ မုန်းတီးမှု ဖြစ်စေမယ့် လှုံ့ဆော်မှုတွေ မလုပ်ကြဖို့ နိုင်ငံတ၀န်းလုံးကို ပုံမှန်လစဉ် ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ သမ္မတက ပြောကြားသွားတာပါ။

နိုင်ငံသားတွေအကြား အမုန်းတရားပွားစေမယ့် အပြုအမူ အပြောအဆို အရေးအသားတွေကိုလည်း လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

သမ္မတရဲ့ ဒီလိုပြောကြားချက်နဲ့ ပတ်သက်ပြီး မြန်မာပို့သတင်းဂျာနယ် အယ်ဒီတာ ဦးစည်သူအောင်မြင့်က ခုလို သဘောထားမှတ်ချက်ပေးပါတယ်။

“အမုန်းတရား ဖြန့်ဖြူးတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ပြောတာ ကျနော်မှတ်မိသလောက် ဒါက တတိယအ ကြိမ်ဖြစ်ဖို့များတယ်။ ရှေ့ ၂ ကြိမ်မှာ သူပြောထားတာက ဒါတွေဖြစ်တာဟာ အမုန်းတရားပွားများအောင်လုပ်တဲ့ ကိစ္စတွေကစတယ်၊ အဲဒါတွေကို အရေးယူပါ့မယ်ဆိုပြီး ၂ ကြိမ် သူပြောခဲ့တယ်။ ပြောပေမယ့် လက်တွေ့အကောင်အထည်ဖော်ခဲ့တာ မရှိဘူး။ ဒီတကြိမ်ထပ်ပြောတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်ဆိုတာ သူနဲ့ဘာမှမဆိုင်တော့ဘူး၊ သူ့အရေးမဟုတ်ဘူး၊ အားလုံးက လူတွေအားလုံးနဲ့ပဲ ဆိုင်သလိုလို သူပြောတာ။ ဒါက တော်တော်မကောင်းဘူး။ တာဝန်ယူမှုမရှိဘူးဆိုတဲ့ သဘောသွားဖြစ်တယ်။ အမုန်းတရားဖြန့်ဖြူးတာနဲ့ ပတ်သက်ပြီး စတဲ့အချိန်တုန်းက သူက အရေးယူမယ်ပြောတဲ့အချိန်တုန်းက ဒီလောက် မရှိဘူး။ နောက်ပိုင်းမှာ ဘာမှအရေးယူတာမရှိဘူး၊ ထိန်းချုပ်တာမရှိတဲ့အတွက် တော်တော်လေးကိုဆိုးတဲ့ ရေးသားလှုံ့ဆော်မှုတွေ အများကြီး တွေ့လာရတယ်။ အဲဒါက ဖေ့စ်ဘွတ်ခ်တခုတည်းမှာမဟုတ်ဘူး။ စာရွက်စာတမ်းဖြန့်ဖြူးမှုတွေ၊ ဓာတ်ပြားတွေ ဖြန့်ဖြူးမှုတွေ ဗီနိုင်းတွေထောင်ပြီးလုပ်တာတွေ အများကြီး ပေါ်လာတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘာမှ အရေးယူမှုမရှိဘူး။”

လတ်တလော လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မန္တလေးမြို့အခြေစိုက် စာရေးဆရာ ဦးကျော်ရင်မြင့်ကလည်း သမ္မတအနေနဲ့ အပြောသက်သက်မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ပြောရုံနဲ့မရဘူး၊ ချက်ချင်းကို အရေးယူဆောင်ရွက်ဖို့ လိုနေပြီ။ အမုန်းတရားတွေကို အခုက ပိုပြီး မုန်းသထက်မုန်းအောင် ဒီနေ့မနက် ဆိုရင် လူသတ်တဲ့အထိ ရောက်လာပြီ။ အသတ်ခံရတဲ့ဘက်ကလည်း နာကြည်းမှာပဲ။ အဲဒီလို နာကြည်းမှုတွေနဲ့ ပိုပိုပြီး ဆိုးလာတော့မယ်။ လူ ၄ ယောက်ဖမ်းထားတယ်၊ ဖမ်းထားတဲ့ လူ ၄ ယောက်က ဘယ်လိုလူတွေ ဖမ်းထားတယ်၊ ရဲစခန်း ခဲနဲ့ ထူတဲ့သူတွေကိုတော့ ဖမ်းတယ်။ လိုက်ပြီးတော့ အမုန်းတရားပွားအောင် လုပ်နေတဲ့သူတွေကိုတော့ အခုထိ ဖမ်းတဲ့အသံ မကြားရသေးဘူး၊ တားဆီးတဲ့အသံ မကြားရသေးဘူး။ အဲတော့ သမ္မတကြီးက ဗွီဒီယိုထဲကနေ ထိုင်ပြောနေရုံနဲ့တော့ အလုပ်မဖြစ်ဘူးထင်တယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ တက်လာချိန်နောက်ပြီး ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တတိုင်းဒေသကြီး အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အုပ်စုဖွဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေ မကြာမကြာဖြစ်ပွားခဲ့လို့ လူတွေသေဆုံးဒဏ်ရာရပြီး အိုးအိမ်တွေ ဆုံးရှုံး ပျက်စီးခဲ့ဖူးပါတယ်။

လူမျိုးရေးဘာသာရေးလှုံ့ဆော်မှုတွေ၊ အမုန်းတရားဖြန့်ချိမှုတွေကလည်း ဆက်လက်ရှိနေဆဲဖြစ်ပြီး အင်တာနက် အွန်လိုင်းတွေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုရေးကွန်ရက် စာမျက်နှာတွေမှာလည်း ဆက်လက်ပျံ့နှံ့နေတာဖြစ်ပါတယ်။

ဒါတွေကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ပြည်တွင်းမှာ စည်းရုံးလှုပ်ရှားနေတဲ့ ပန်းစကား အဖွဲ့က ကိုဖရက်ဒီကတော့ အစိုးရအနေနဲ့ နည်းပညာကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး အင်တာနက် အွန်လိုင်းတွေပေါ်ကနေ အမုန်းတရားဖြန့်ချိမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ ပြောပါတယ်။

“အွန်လိုင်းက ပြဿ နာတွေ ထိထိရောက် မလုပ်နိုင်သေးဘူးလို့ ကျနော်ထင်တယ်။ အွန်လိုင်းက တယောက်ယောက် စော်ကားရင် အရေးယူတာတို့ သိပ်မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ဖေ့စ်ဘွတ်ခ်တု့ဘာတို့ဆိုရင် ရီပို့လုပ်တာတို့ ရှိတယ်။ လူတယောက်ယောက်ကို စော်ကားထားရင် ရီပို့လုပ်တာတို့၊ ဒါမှမဟုတ် ၀ိုင်းပြီးတိုင်ပင်ပြီး သွားတာရှိတယ်။ အစိုးရဘက်ကလည်း နည်းပညာပိုင်းအရ အတော်များများ သိတဲ့သူတွေ ရှိစေချင်တယ်။ အွန်လိုင်းက ထည့်နေတယ်ဆိုရင် အဲဒီအွန်လိုင်းကို ဘယ်လိုပြန်ပြီး ကာကွယ်တားဆီးမယ်။ အစိုးရကလည်း ပါဝင်တဲ့ပုံစံပေါ့။ အစိုးရက နည်းပညာပိုင်း သိပ်မသိရင်လည်း သိတဲ့သူတွေနဲ့ လက်တွဲပြီး ပူးပေါင်းလုပ်သင့်တယ်။”

သမ္မတ ဦးသိန်းစိန် ဒီကနေ့ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ရခိုင်ပြည်နယ်အရေးကိုလည်း ဇောင်းပေး ထည့်သွင်းပြောကြားသွားခဲ့ပြီး သူ့အနေနဲ့ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေး ပြည်သူ့ဘ၀လုံခြုံရေးနဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်တဲ့သူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး အလေးထားဆောင်ရွက်နေကြောင်း ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013