
မြန်မာနိုင်ငံရဲ့ ပထမဆုံးရေနက်ဆိပ်ကမ်းဖြစ်လာမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဆောက်လုပ်မယ့်နေရာက ရွှံ့မီးတောင်ရှိတာကြောင့် နေရာပြောင်းရွှေ့ သတ်မှတ်ခဲ့တယ်လို့ ကျောက်ဖြူ စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူးဦးမြင့်သိန်းက ပြောပါတယ်။
[caption id="attachment_59627" align="alignright" width="300"]
ကျောက်ဖြူမြို့-၂၀၁၃ ဇူလိုင် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]
ကျောက်ဖြူအထူး စီးပွားရေး ဇုန် စီမံကိန်းကို ယခင်က ကျောက်ဖြူမြို့ ရဲ့ အရှေ့တောင်ဘက် ၄ မိုင်လောက် အကွာမှာရှိ တဲ့ စစ်တောကျေးရွာနဲ့ စည်မော်ကျေးရွာတွေ အနီးရှိ မြေဧက ၁၀၀၀ ကျော် မှာ ပြုလုပ်ဖို့ သတ်မှတ်ခဲ့ပေမယ့် ရွှံ့မီးတောင်နှင့် နီးကပ်နေတဲ့အတွက် မူလနေရာရဲ့ အနောက်ဘက်ကို နေရာပြောင်းရွှေ့ သတ်မှတ်ခဲ့ပြီး စီမံကိန်း ဧရိယာသစ်ကိုလည်း မြေဧက ၄၀၀၀ အဖြစ် တိုးချဲ့သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
တရုတ်၊ အိန္ဒိယ၊ ဒေသတွင်းအာဆီယံနိုင်ငံများ အလယ်မှာ ရှိနေတဲ့အတွက် အရေးကြီးတဲ့ စီမံကိန်းတခု ဖြစ်တယ်လို့လည်း ကျောက်ဖြူစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်ကုမ္ပဏီ၊ စက်မှုဇုန်တည်ဆောက်မည့် ကုမ္ပဏီနဲ့ လူနေဇုန် တည်ဆောက်မယ့် ကုမ္ပဏီသုံးခုကို ရွှေးဖို့အတွက် တင်ဒါခေါ်ယူမူတွေ ပြုလုပ်နေပါတယ်။











