
မှောင်ခိုသွင်းသူတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူမှု စတင်နေပြီလို့ ရန်ကုန် မိုဘိုင်းတင်းမ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးညွန့်အောင်က ပြောပါတယ်။
ဇွန် ၂၉ ရက်နေ့ မော်လမြိုင်ကနေ ရန်ကုန်လာတဲ့ ခြောက် ဘီး ကားတစီး ကို မှောင်ခိုဖမ်းတဲ့ မိုဘိုင်းတင်းမ်အဖွဲ့က ပဲခူး တိုင်း ညောင်ခါး ရှည်ဂိတ်မှာ စစ်ဆေးရာမှာ ထိုင်းနိုင်ငံထုတ် ဘီယာချန်း နဲ့ ဘာဗေးရီးယား ဘီယာဖာ စုစုပေါင်း ၁ ထောင်ကျော် တွေ့ရှိတဲ့အမှုမှာ အာမခံ မရနိုင်တဲ့အပြင် သယ်ဆောင်တဲ့ ကားကိုပါ သိမ်းဆည်းနိုင်တဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ၂၀၁၂နဲ့ မော်တော်ယာဉ်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားချက် အမှတ် ၇၆/၉၉ တွေနဲ့ အရေးယူခဲ့ပါတယ်။
အကောက်ခွန်မဲ့မှောင်ခိုကုန် သွင်းနေတာကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ခုလို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အရေးယူရတာလို့ ဒုညွှန်ချုပ် ဦးညွန့်အောင်က ရှင်းပြပါတယ်။
၁ နှစ်ခွဲကျော်ကာလအတွင်း မိုဘိုင်းတင်းမ်အဖွဲ့ဝင်တွေဟာ မှောင်ခိုကုန်ပစ္စည်း ကျပ် ၁၈ ဘီလီယံဖိုးလောက် ဖမ်းဆီးခဲ့ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။











