
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာမှာ စစ်င်္ဘောနဲ့ တိုက်ရေယာဉ်ငယ် တချို့ ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
မေ ၂၈ ရက် နေ့လယ် ၁၂ နာရီလောက်က ဘန္ဒနဲကျေးရွာဘက်ကို ရေကြောင်းကနေ ချီတက်လာတဲ့ စစ်သင်္ဘော ၁ စီးနဲ့ တိုက်ရေယာဉ်ငယ် ၆ စီးတို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ပြီးနောက် တနာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက "သူတို့ဘက်က လာမယ်ဆိုတာသိတဲ့အတွက် ကြိုပြင်ဆင်ပြီး တိုက်ခိုက်တာပါ။ သူ့တို့က ပွိင့်ဖွိုက်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တော့ ဆုတ်လိုက်ရတယ်"လို့ ပြောပါတယ်။
တိုက်ပွဲပြီးတဲ့နောက် စစ်တပ်က ဘန္ဒနဲကျေးရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံတွေရဲ့ နေအိမ်တွေ ဖျက်ဆီးကာ ဥစ္ဓာပစ္စည်းတွေကို သိမ်းဆည်းနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ က ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုမှာ စစ်တပ်က အထိအခိုက်ကျဆုံးကို မသိရပေမဲ့ ပြည်သူ့ကာကွယ်ရေးဘက်က တော့ ထိခိုက်ကျဆုံးသူမရှိခဲ့ပါဘူး။
အဲဒီရွာကို စစ်တပ်က ဝင်စီးခဲ့တာ ၂ ကြိမ်ရှိပြီဖြစ်ပြီး နှစ်ဘက်တိုက်ပွဲကြောင့် ကျွန်းစုမြို့နယ် ကျေးရွာ တချို့က ဒေသခံ ၂ဝဝဝ ကျော် ထွက်ပြေး နေရတယ်လို့ သိရပါတယ်။