DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၃ ခု ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၊ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦးသေ
DVB
·
May 29, 2023
စစ်ကောင်စီတပ်စခန်း ၃ ခု ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၊ တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦးသေ
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ဒရုန်းတွေနဲ့ တစ်ပြိုင်တည်းဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ရင်းမှူး ၁ ယောက်အပါအဝင် ၉ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်းတို့ကို ပြီးခဲ့တဲ့ မေ ၂၃ ရက်က စတင်ပြီး KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ် ရင်း ၈ နဲ့ Federal Wings Drone တပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းတွေ အသုံးပြုပြီးတော့ စစ်ဆင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူတွေထဲ စစ်ကောင်စီတပ်​ ကနဲလေးစခန်း တပ်ရင်းမှူးပါဝင်တယ်လို့ သိရပေမမဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ မော်ခီးစခန်းတွေမှာ ထိ ခိုက်သေဆုံးမှုတွေကို သတင်းအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ Federal Wings အဖွဲ့က ပြောပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့  တပ်ဖွဲ့ဝင် တယောက်သာ ဒဏ်ရာရရှိထား တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မော်ခီးစခန်းအနီးက ပနွယ်ဖိုးကလိုးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရား​ကျောင်းကို ထိမှန်ပျက်စီးခဲ့သလို တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် Federal Wings ​ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့အတွက် သတင်းအချက်အလက် နည်းပညာနဲ့ ဆက်သွယ် ရေးဝန်ကြီးဌာန (MOCIT) ​ရဲ့ ဦးဆောင်မှုနဲ့ Federal Wings  ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေကတဆင့် ကောက်ခံရရှိငွေ စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၂၆၅,၂၄၂ ရရှိခဲ့ကာ လွတ်လပ်ရေးကို လိုလားတဲ့ ပြည်သူလူထုအပေါင်း ထည့်ဝင်လှူဒါန်းထားတဲ့ အဆိုပါ ငွေကြေးတွေ ကို အလေအလွင့်မရှိစေဖို့နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေးတိုက်ပွဲတွေမှာပဲ အကျိုးရှိစွာ အသုံးချနေတယ်လို့လည်း ပြောထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကိုဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013